မန္တလေး ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ငရုတ်သီးနှံကိုလည်း စီးပွားဖြစ် စိုက်ပျိုးကြကြောင်း၊ ငရုတ်သီးနှံ (ဆောင်း)စိုက်ပျိုးမှုအနေဖြင့် ကျောက်ဆည်မြို့နယ်တွင် ၁၁၂၆ ဧက၊ စဉ့်ကိုင်မြို့နယ်တွင် ၉၇၂ ဧက၊ မြစ်သားမြို့နယ်တွင် ၂၆၄၆ ဧကဖြင့် စုစုပေါင်း ၄၇၄၄ ဧက စိုက်ပျိုးထားကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ငရုတ်သီးနှံ(ဆောင်း) ကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး မတ်လနှင့် ဧပြီလတို့တွင် စတင်ခူးဆွတ်ရကြောင်း၊ သာမို၊ ဒီမွန်၊ အာစတာ နှင့် ၆၉၂ မျိုးများကို စိုက်ပျိုးပြီး ငရုတ်သီးအထွက်နှုန်းကောင်းမွန်သော ၆၉၂ မျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ်၁၅၀၀၀၀၀ ခန့်ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ငရုတ်သီး ပိဿာ ၄၀၀ - ၄၅၀ အထိ ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ငရုတ်စိုက်တောင်သူများက ကျောက်ဆည်မြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက်ရောင်းချပြီး ပွဲရုံများမှတစ်ဆင့် မန္တလေးနှင့် ရန်ကုန်မြို့တို့သို့ ရောင်းချကြကြောင်း၊ ယခုအချိန်တွင် ငရုတ်သီးနှံစိုက်ခင်းများမှာ စိမ်းလန်းစိုပြည်၍ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ငရုတ်သီးနှံ ထွက်ပေါ်ချိန်တွင် အထွက်နှုန်းနှင့် ဈေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ်များ ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းရင်းမြစ်- စီးပွား/ကူးသန်း