နေပြည်တော် နိုဝင်ဘာ ၁၅
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ကျောက်ဆည်ကျေးရွာအနီးရှိ ကျောက်ဆည်ကန်တွင် ရေကျော်ပျက်စီးခဲ့မှုအပေါ် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ရေရှည်ဆောင်ရွက်မည့် အခြေအနေများနှင့် လတ်တလော စိုက်ပျိုးရေပေးဝေရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ထိုသို့ စစ်ဆေးစဉ် ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ရန်အတွက် အသစ်တည်ဆောက်မည့် ရေပိုလွှဲဒီဇိုင်း ပုံစံတွက်ချက်မှုများ၊ စက်ယန္တရားလိုအပ်ချက်များ၊ လိုအပ်သည့် Borrow မြေဧရိယာများရရှိရေး စူးစမ်းရှာဖွေခြင်းများ၊ မြေပြင်တိုင်းတာခြင်းလုပ်ငန်းများ၊ ဘူမိဗေဒစူးစမ်းလေ့လာခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။
ကျောက်ဆည်ကန်လက်ရှိတွင် ရေလှောင်ပမာဏ ဧကပေ (၁၅၉၀) ခန့် ရေသိုလှောင်နိုင်သည့် ယာယီရေတားတမံအား (RL-576’ထိ) မြေဖို့ခြင်းလုပ်ငန်းနှင့် အကျယ်ပေ(၈၀) ရှိ ကျောက်ဖြည့်ရေပိုလွှဲကို (RL-573’ထိ) ဆောင်ရွက်ထားရှိပြီးဖြစ်၍ စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပျော်ဘွယ်မြို့၊ ရွှေညောင်ဖူးကျေးရွာအုပ်စု တောင်သူ ဦးထွန်းရွှေ၏ ရေကြီး၊ နစ်မြုပ်၊ ထိခိုက်ခဲ့၍ ပြန်လည်ကုစား ဆောင်ရွက်ထားရှိသော မိုးမြေပဲ ဆင်းပဒေသာ - ၁၁၊ သုံးဧကစိုက်ခင်းသို့ ရောက်ရှိပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မြေပဲသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးကြရန်၊ နေကြာသီးနှံနှင့်ပတ်သက်၍ လိုအပ်သည့်မျိုး၊ နည်းပညာများ ဖြန့်ဝေပေးကြရန် ဆွေးနွေးပြောကြားကြပြီး တောင်သူများမှ ဆွေးနွေးတင်ပြလာမှုများကို ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထိုမှတဆင့် စိုက်ပျိုးရေးဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၌ ဖွင့်လှစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်ခရိုင်အတွင်းရှိ မြို့နယ် (၆) မြို့နယ် အတွင်းမှ ဝန်ထမ်းများကို ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) နှင့် ကြက်သွန်သီးနှံ ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းသို့ ရောက်ရှိပြီး သင်တန်းသားများနှင့်တွေ့ဆုံ၍ ဒုတိယဝန်ကြီးက ကျေးရွာအရောက်ကွင်းဆင်းကာ တောင်သူများစိုက်ပျိုးသည့် သီးနှံအလိုက် ထိထိရောက်ရောက် ဆင့်ပွားနည်းပညာများ ဖြန့်ဝေပေးကြရန်၊ သီးနှံများ စျေးကောင်းရရှိရေးသည် သီးနှံအရည်အသွေးပေါ်တွင် မူတည်သဖြင့် သင်တန်းသားများအနေဖြင့် နည်းပညာများကျွမ်းကျင်စွာ တတ်မြောက်ထားကြရန် လိုအပ်ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျန်ရှိနေသည့် ခရိုင်များအတွင်း အလားတူ သင်တန်းမျိုး ဆက်လက်ဖွင့်လှစ်ပေးကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


