ကျောက်ဆည် ၂၁ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် အရှေ့ဘက်ခြမ်းဒေသများရှိ ငှက်ပျောစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဈေးကောင်းရသောကြောင့် ငှက်ပျောစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ဒေသက ဖီးကြမ်းငှက်ပျောနှင့် ပြည်ငှက်ပျော နှစ်မျိုးစိုက်တယ်၊ ဒီဒေသက ဆည်ရေသောက် စနစ်ဆိုတော့ ငှက်ပျောကို ရာသီမရွေးစိုက်ပျိုးနိုင်တယ်၊ အထွက်နှုန်းလည်းကောင်းတယ်၊ ဒီအချိန်က ဈေးကောင်းရနေတော့ ငှက်ပျောစိုက်တောင်သူတွေ အဆင်ပြေနေတယ်၊ ဖီးကြမ်းငှက်ပျောကို ခြံပြတ်ရောင်းတာ ရှိသလို၊ လှည်းအစီးနဲ့ရောင်းတာလည်းရှိတယ်၊ ရွာမှာတင် အခိုင်(၄၀)ပါ လှည်းတစ်စီးကို နှစ်သိန်းခွဲထိ ဈေးပေါက်နေတာ၊ အခိုင်လှမလှ၊ အလုံးလှမလှ ပေါ်မူတည်ပြီး ဈေးနှုန်းအနယ်ငယ်တော့ ကွာတာပေါ့၊ ရန်ကုန်၊ မန္တလေးနှင့် ကျောက်ဆည်မြို့မှ ပွဲစားများ လာရောက်ဝယ်ယူလျက်ရှိကြောင်း၊ ပြည်ငှက်ပျောကလည်း ဈေးကောင်းနေတော့ ရွာမှာ စိုက်ပျိုးသူများပြားတယ်” ဟု ကျောက်ဆည်မြို့နယ် ပဲခင်းကျေးရွာ တောင်သူ ကိုတိုးတိုးအောင်က ပြောသည်။
ဖီးကြမ်းငှက်ပျောစိုက်ပျိုးမှုနှင့် ပတ်သက်၍ ၎င်းက ဆက်လက်ပြောကြားရာတွင် “ငှက်ပျောက တစ်ဧကကို အပင်(၉၀ဝ) ခန့် စိုက်ပျိုးနိုင်ပြီး တစ်ပင်ကို တစ်ခိုင်သာထွက်တယ်၊ တစ်ဧကကို ပျိုးပင်ဖိုး ရှစ်သောင်း၊ စိုက်ပျိုးခ ရှစ်သောင်း ပေးရတယ်၊ ငှက်ပျောက ရေကြိုက်တော့ တစ်လတစ်ခါလောက် ရေတင်ပြီး ထယ်ရေးပြင်ပေးရတယ်၊ စိုက်ပြီး ရှစ်လ ကိုးလလောက်ဆို အခိုင်စထွက်တယ်၊ အခိုင်ထွက်ပြီး တစ်လကျော်ဆိုရင် အသီးရင့်ပြီး အခိုင်ခုတ်လို့ရပြီ၊ ခုတ်ပြီးသွားရင်တော့ အပင်တွေထိုးလဲ၊ ပြီးရင်ပြန်စိုက်ရမှာပေါ့’’ ဟု ၎င်းကပြောပြသည်။
အဆိုပါ ဒေသများတွင် စပါး၊ ငှက်ပျော၊ ငရုတ်၊ နှမ်း၊ ဆနွင်းတတ် အစရှိသော သီးနှံများ စိုက်ပျိုးလျက်ရှိပြီး ငှက်ပျောစိုက်တောင်သူများအနေဖြင့် ငှက်ပျောစိုက်ခင်းများ လှိုင်လှိုင်ပေါ်၍ ဈေးနှုန်းကောင်းမွန်ကာ ငှက်ပျောစိုက် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


