ကျောက်ဆည် ၂၈ စက်တင်ဘာ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသန ဦးစီးဌာနအနေဖြင့် ရေဆင်း (ရုံးချုပ်) အပါအဝင် ဒေသသုတေသနခြံ(၁၈)ခြံ၊ သီးနှံဗဟိုသုတေသနခြံ(၇)ခြံ စုစုပေါင်း (၂၅)ခြံ ထားရှိကာ ရည်ရွယ်ချက်(၅)ချက်ဖြင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကျောက်ဆည်မြို့၊ စိုက်ပျိုးရေး သုတေသနခြံတွင် သုတေသနပြု ဆောင်ရွက်လျက်ရှိသော YQR(11) နှင့် YQR(12) စပါးမျိုးများ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
အရည်အသွေးကောင်းသော TQR(11) နှင့် YQR(12).စပါးမျိုးများသည် အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနဌာနမှပေးပို့ပြီး အဆင့်ဆင့် စမ်းသပ်ဆောင်ရွက်ရာမှ ရရှိလာသော စပါးမျိုးများဖြစ်ကြောင်းနှင့် သက်တမ်းအနေဖြင့် ရက်ပေါင်း (၁၂၀)မှ(၁၃၀)ရှိကာ အပင်ယိုင်လဲမှုဒဏ်ခံနိုင်ခြင်း၊ အထွက်နှုန်းကောင်းခြင်း၊ ဆန်လုံးရှည်သွယ်ခြင်း၊ ဆန်ရည် ဆန်သားကြည်လင်ခြင်းများရှိသည့်အပြင် နွေဥတုနှင့်ဆောင်းဥတုပါ စိုက်ပျိုးနိုင်ကြောင်း သိရသည်။
အဆိုပါစပါးမျိုးများကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန ရုံးချုပ် ဆန်စပါးသုတေသနဌာနစု အပါအဝင် စပါးသီးနှံ စမ်းသပ်စိုက်ပျိုးဆောင်ရွက်လျက်ရှိသော ကျောက်ဆည်ဒေသအပါအဝင် ဒေသမျိုးစုံမှာ စမ်းသပ်စိုက်ပျိုးခဲ့ရာတွင် အလားအလာ ကောင်းကြောင်း လေ့လာတွေ့ရှိရသဖြင့် ၂၀၁၉-ခုနှစ်တွက် စတင် ထုတ်ဝေခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး သုတေသနခြံ တာဝန်ခံ ဦးတင့်လွင်က ပြောပြသိရှိရသည်။
ကျောက်ဆည်မြို့ စိုက်ပျိုးရေးသုတေသနခြံတွင် ၂၀၂၀-ပြည့်နှစ် မိုးရာသီတွင် အရည်အသွေးကောင်း စပါး သုတေသန၊ ဆည်ရည်သောက် စပါးသုတေသန၊ ဆားငန်ခံ စပါးသုတေသန၊ စပ်မျိုးစပါး သုတေသနများအပြင် ကုလားပဲသီးနှံ၊ ပဲတီစိမ်းသီးနှံ နှင့် နှမ်းသီးနှံများကို အဓိက သုတေသနပြုဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)
