ကျောက်ဆည် ၁၀ နိုင်ဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ သံရွာကျေးရွာအနီးရှိ ကျားခေါင်းဘိလပ်မြေစက်ရုံသည် ကုန်ထုတ်လုပ်ရာတွင် ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသဖြင့် စက်ရုံလည်ပတ်မှုအား ယာယီပိတ်သိမ်းခြင်းကြောင့် အဆိုပါ စက်ရုံရှိ အလုပ်သမားမျာအား နစ်နာကြေးများ ပေးနိုင်ရေးအတွက် ယမန်နေ့ညနေ(၄)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ညှိနှိုင်းဖြေရှင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စက်ရုံ ယာယီပိတ်သိမ်းခြင်းကြောင့် အဆိုပါစက်ရုံတွင် အလုပ်လုပ်နေသော ဦးတင်ဇော်ဦး အခြေခံ အလုပ်သမား အဖွဲ့အစည်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်အလုပ်သမားများက အလုပ်ရပ်နားခံရသော အလုပ်သမားများအတွက် နစ်နာကြေးများ ပေးရာတွင် ၈၄/၂၀၁၅ ဥပဒေနှင့်အညီ လုပ်ခလစာတွက်ချက်ပေးရေး၊ စက်ရုံပိတ်သိမ်းကြောင်း ပြောကြားပြီးမှ အလုပ်သမားများ အလုပ်ဆင်းခဲ့ရသည့် နေ့ရက်များအား လစာငွေအဖြစ် တွက်ချက်ထုတ်ပေးရေး၊ အလုပ်သမားများ၏ လုပ်သက်ခွင့် လက်ကျန်ရက်များအား လစာငွေအဖြင့် တွက်ချက်ပေးရေး စသည့်အချက်(၃)ချက်ကို တင်ပြတောင်းခံခဲ့ကြောင်း သိရှိရသည်။
ဆက်လက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာတင်အောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစံလှ၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးသိန်းနှင့် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟန်သီအေး၊ ပူးပေါင်းအဖွဲ့မှ ကျားခေါင်းဘိလပ်မြေစက်ရုံ၊ စက်ရုံမှူး ဦးသန့်ဇင်မင်းနှင့် တာဝန်ရှိသူများ၊ အခြေခံ အလုပ်သမားအဖွဲ့ဥက္ကဌ ဦးတင်ဇော်ဦးနှင့် အဖွဲ့ဝင်အလုပ်သမားများနှင့် တွေ့ဆုံကာ ပြေလည်စွာဖြေရှင်းပေးခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)


