ကျောက်ဆည် ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းနေထိုင်လျှက်ရှိသူများအား အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက်အကြောင်း အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ကို ဇွန်(၂၈)ရက် နံနက်(၁၀)နာရီက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသောင်ဒန်က ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များပြုလုပ်ပေးရာတွင် လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စု လူဦးရေ စာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ၊ လက်ရှိဇာတိတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် အိမ်ထောင်စု လူဦးရေစာရင်း ရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ရွေ့ပြောင်းနေထိုင်သူများအတွက် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ပန်းခင်းစီမံချက်လုပ်ငန်းများဖြစ်သည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစီစစ်ရေးကဒ်များပြုလုပ်ပေးရာတွင် ပြည်သူများ ငွေကုန်ကျမှုမရှိစေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ် ရေးအဖွဲ့မှ နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ရာတွင်ပါဝင်သည့် ဓာတ်ပုံရိုက်ကူးခနှင့် သွေးအမျိုးအစား စစ်ဆေးခကို တာဝန်ယူပြီး အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။
ယခုအခါ အသက်(၁၆)နှစ်မှ အသက်(၁၈)နှစ်အထိလူဦးရေ(၇၀)ဦး၊ အသက်(၁၈)အထက်ပြည့်ပြီးသူ (၁၁၈)ဦးနှင့် အိမ်ထောင်စုလူဦးရေ စာရင်း(၃၀၃)ခုကို အသစ်ပြုလုပ် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ပန်းခင်းစီမံချက် အဖြစ် မြို့နယ်အတွင်း နေထိုင်ကြသူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစီစစ်ရေးလုပ်ငန်းများကို မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက်နေ့မှ စတင်ကာ (၁၈)လကြာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
သက်မောင် (ကျောက်ဆည်)


