မန္တလေး ၂၇ ဧပြီ
ကျောက်ဆည်မြို့နှင့် ပြင်ဦးလွင်မြို့မှ ပြည်သူများအနေဖြင့် မီတာခများကို Mandalay Smart Pay Application ဖြင့် စတင်ပေးဆောင်နိုင်သည့် ပထမဆုံး မြို့နှစ်မြို့ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။
Mandalay Smart Pay ဟာ QR ကုတ် စနစ်နဲ့ ငွေပေးချေနိုင်သည့် Pay တစ်ခုဖြစ်ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် သက်ဆိုင်သည့် အခွန်အခများ၊ မန္တလေးမြို့ရှိ စတိုးဆိုင်နှင့် အသုံးအဆောင်ပစ္စည်းဆိုင်၊ ဖုန်းအပါအဝင် လျှပ်စစ်ပစ္စည်းများ ဝယ်ယူပါက ငွေပေးချေလို့ရအောင် ချိတ်ဆက်ထားကြောင်း သိရသည်။
“တဖြည်းဖြည်းနဲ့ Government တော်တော်များများမှာလည်း ဆောင်လို့ရလာမယ် အပေးအယူ အားလုံးဟာလည်း ဒီပေါ်မှာ ပြောင်းသွားမယ်ဆိုတာမျိုးအထိ ကျွန်တော်တို့က မှန်းထားပါတယ်” ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝင် ဦးရဲမြတ်သူကပြောသည်။
ထို့အပြင် ယခု Pay မှတစ်ဆင့် တခြားမြို့များ၏ ဓာတ်အားခများ ပေးချေနိုင်စေရန် မြန်မာ့လျှပ်စစ်နှင့် ညှိနှိုင်းနေကြောင်း ဦးရဲမြတ်သူကဆက်ပြောသည်။
ဝန်ဆောင်မှုများကို တိတိကျကျ မှန်မှန်ကန်ကန် ပေးချင်သောကြောင့် ယခုအက်ပလီကေးရှင်းကို အသုံးပြုခြင်းဖြစ်သည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်ကပြောသည်။
ဖြိုးအိ


