ကျောက်ဆည်မြို့၌ အသက်(၆၅)နှစ်အထက် အဘိုး၊ အဘွားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ကျောက်ဆည်၊ ဩဂုတ် ၃

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ အသက်(၆၅)နှစ်အထက် အဘိုး၊ အဘွားများအား ယနေ့နံနက်ပိုင်းက စုကြီးရပ်ကွက်၊ မြို့တော်ခန်းမတွင် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အဖွဲ့(၃)ဖွဲ့ခွဲကာ အသက်(၆၅)နှစ်အထက် အဘိုး၊ အဘွား (၂၉၄)ဦးအား ဦးစားပေးထိုးနှံပေးခဲ့ပြီး သံဃာတော်(၃)ပါး၊ ကျန်းမာရေးဝန်ထမ်း (၃၆) ဦး၊ နိုင်ငံ့ဝန်ထမ်း (၄)ဦး၊ စေတနာ့ဝန်ထမ်း (၃)ဦး စုစုပေါင်း (၃၄၀)ဦးအား ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm ထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ကျောက်ဆည်မြို့နယ်အနေဖြင့် ဇူလိုင်(၃၁)ရက်နေ့မှ ယနေ့အထိ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို သံဃာတော်(၁၄)ပါး၊ အသက်(၆၅)နှစ်အထက် အဘိုး၊ အဘွား(၈၂၀)ဦး၊ ကျန်းမာရေးဝန်ထမ်း(၁၅၁)ဦး၊ စေတနာ့ဝန်ထမ်း(၂၃)ဦးနှင့် နိုင်ငံ့ဝန်ထမ်း(၄)ဦး စုစုပေါင်း(၁၀၂၁)ဦးအား ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ပြည်သူများကိုလည်း ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှသိရသည်။

 

တင်တင်ထွေး