ကျောက်ဆည် ဒီဇင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဖောင်ရွာရပ်ကွက် နေလသုခဓမ္မာရုံတွင် ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်တစ်ပါး ရွေးချယ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နိုင်ငံတော် ဩဝါဒါစရိယဆရာတော် ရွေးချယ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဩဝါဒါ စရိယ ဘဒ္ဒန္တရေတဝ မြို့ဦးစာသင်တိုက် မြစ်သားမြို့နယ် ဆရာတော်ကြီးနှင့် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဝင် ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဘဒ္ဒန္တစကိ္ကန္ဒာဘိဓဇ ကုန်းမြင့်သာ ကျောင်းတိုက် ဆရာတော်ကြီးနှင့် မြို့နယ်သံဃနာယကအဖွဲ့ဝင် ပင့်သံဃာဆရာတော်ကြီး ရှစ်ပါး ကြွရောက်တော်မူသည်။
နိုင်ငံတော် ဩဝါဒါစရိယဆရာတော် ရွေးချယ်ရာတွင် သက်တော် ၈၆ နှစ်၊ ဝါတော် ၆၆ ဝါရှိ ဧရာဝတီ ပရိယတ္တိ စာသင်တိုက်မှ ဦးစီးပဓာန ဘဒ္ဒန္တပါမောက္ခာ ဆရာတော်ကြီးအား နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်အဖြစ် ရွေးချယ်ရန် မြစ်သားမြို့ အဘယာရာမ ရွာဦးကျောင်းမှ ဦးစီးပဓာန ဘဒ္ဒန္တဥတ္တရ ဆရာတော်က အဆိုပြု တင်သွင်းလျှောက်ထားပြီး ကျောက်ဆည်မြို့ မဟာဝိသုတာရာမ ဘဒ္ဒန္တခေမိန္ဒာစာရ ဆူးကုန်းကျောင်းတိုက် ဆရာတော်ကြီးက ထောက်ခံအတည်ပြု အဆိုတင်သွင်းလျှောက်ထားရာ ကန့်ကွက်မည့်သံဃာတော်မရှိသဖြင့် ဧရာဝတီ ပရိယတိ္တစာသင်တိုက်မှ ဦးစီးပဓာန ဘဒ္ဒန္တပါမောက္ခာ ဆရာတော်ကြီးအား နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်အဖြစ် မြို့နယ်သံဃနာယအဖွဲ့က အတည်ပြုခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)


