ကျောက်ဆည်   နိုဝင်ဘာ   ၂၄

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြပြီး ယာမြေများတွင် ငရုတ်၊ ကြက်သွန်၊  ငှက်ပျော၊ နေကြာ၊ ဝါနှင့် ပဲမျိုးစုံ စိုက်ပျိုးကြရာ တောင်တော်ကျေးရွာမှ ဦးမျိုးထွန်း စိုက်ပျိုးထားသော ပဲစင်းငုံစိုက်ခင်းမှာ အပွင့်အသီးများဖြင့် အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း သိရှိရသည်။

 

ပဲစင်းငုံသီးနှံသည် လရှည်သီးနှံဖြစ်သောကြောင့် တောင်သူများအနေဖြင့် ပဲစင်းငုံများ စိုက်ပျိုးရာတွင် ပဲတီစိမ်းသီးနှံဖြင့် တွဲဖက်ပြီး အတန်းလိုက် တစ်တန်းခြား စိုက်ပျိုးကြကြောင်း၊ ပဲတီစိမ်းသီးနှံများ ရိတ်သိမ်းချိန်တွင် မြေဆွပေါင်းလိုက်ပြီး လိုအပ်သည့် ဖျန်းဆေးများ ဖျန်းပေးခြင်းဖြင့် အပင်များ ကြီးထွားလာကာ အပွင့်များ ဖြိုင်ဖြိုင်ပွင့်လာပြီး အသီးအကင်းများ စတင်သီးလာကြောင်း သိရှိရသည်။

 

ကျောက်ဆည်မြို့နယ်တွင် ပဲစင်းငုံစိုက်ဧက ၁၈၄၀၊ မြစ်သားမြို့နယ်၌ ၁၃၀၂ ဧက၊ တံတားဦးမြို့နယ်၌ ၅၁၃၇ ဧက စိုက်ပျိုးထားကြောင်း  ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်၏ ပြောပြချက်အရ သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)