ကျောက်ဆည် အောက်တိုဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် ဆန်းစပါးကို အဓိထားစိုက်ပျိုး ကြသော်လည်း နေ့စဉ်ဝင်ငွေရရှိရေးအတွက် အခြားဝင်ငွေရသည့် သီးပင်စားပင်များလည်း စိုက်ပျိုးရောင်းချလျက်ရှိရာ အနောက်သာဂရကျေးရွာမှ တိုင်ထောင်ပဲတောင့်ရှည်စိုက်ပျိုးရောင်းချသူများ မိသားစု စားဝတ်နေရေးအဆင်ပြေလျက် ရှိကြောင်း သိရသည်။
“တိုင်ထောင်ပဲတောင့်ရှည်က အစိမ်းနု၊ အစိမ်းရင့်၊ အနီရောင် စသည်ဖြင့် အရောင်အမျိုးမျိုးရှိပြီး လယ်မြေ(၅)ဧက၊ ယာမြေ(၂)ဧကတွင် နေ့စဉ်ဝင်ငွေရရှိရန်အတွက် တိုင်ထောင်ပဲတောင့်ရှည်(၀.၅)ဧက စိုက်ပျိုးထားပါတယ်၊ အခုဆိုရင်ပဲတောင့်ရှည်များ လှိုင်လှိုင်ခူးဆွတ်နေရပြီး ရောင်းဈေးကတော့ ပွဲရုံသွင်းတာဆိုတော့ (၁)ပိဿာ၊ (၁၀၀၀)ကျပ်နဲ့ သွင်းရပါတယ်၊ လက်လီရောင်းတာကတော့ (၁)ပိဿာ (၁၅၀၀)ကျပ် ရောင်းရပါတယ်၊ နေ့စဉ်ခူးဆွတ်ပြီးရောင်းရတာမို့ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း အနောက်သာဂရကျေးရွာမှ ပဲတောင့်ရှည်စိုက်ပျိုးသူ တောင်သူ ဦးမြအောင်က ပြောပြသည်။
ပဲတောင့်ရှည်စိုက်ပျိုးရာတွင် မြေအချဉ်ဓာတ်လွန်ကဲသည့် မြေအမျိုးအစားမှလွဲ၍ စိုက်ပျိုးနိုင်ပြီး သဲနုန်းမြေတွင် ကောင်းစွာဖြစ်ထွန်းကြောင်း၊ အပူချိန် (၁၀) ဒီဂရီစင်တီဂရိတ်အောက်တွင် အသီးအပွင့် လျော့နည်းပြီး ရာသီဥတုပူပြင်းခြင်း၊ မိုးများသည့်အခါများတွင် အပွင့်အသီးများ ကြွေတတ်ကြောင်းနှင့် ပဲတောင့်ရှည် စိုက်ပျိုးမည်ဆိုပါက မြေခံအဖြစ် နွားချေး၊ ယူရီးယားမြေဩဇာများထည့်ပြီး လိုအပ်သည့် အချိန်တွင် ပေါင်းလိုက်ခြင်း၊ မြေဆွပေးခြင်း၊ အစိုဓာတ်မပျက်အောင် ရေသွင်းပေးခြင်း၊ ပိုးသတ်ဆေးနှင့် အပင်အားတိုးဆေးများ ဖြန်းပေးပါက အထွက်နှုန်း ပိုမိုကောင်းမွန်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်က ပြောပြသည်။
သက်မောင်(ကျောက်ဆည်)


