ကျောက်ဆည် ဧပြီ  ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၏မြောက်ဘက် နှစ်မိုင်ခန့်အကွာ သင်တောင်းကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းမကြီးဘေးတွင် တည်ရှိသော ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားတွင် ယနေ့ မဟာသင်္ကြန် အကြတ်နေ့၌ ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရားသည် အနော်ရထာမင်းကြီးတည်ထားကိုးကွယ်ခဲ့ပြီး ရှင်အရဟံ သိမ်သမုတ်ခဲ့သော ဘုရားတစ်ဆူဖြစ်ကာ  အုန်းပွဲ၊ ငှက်ပျောပွဲ ကန်တော့ပွဲများ  ပန်းနံ့သာများဖြင့် ပူဇော်လှူဒါန်းကြသူများ၊  အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

ဆုတောင်းပြည့်မဟာရွှေသိမ်ဘုရားကြီးတွင် ဘုရားဂေါပကအဖွဲ့လူကြီးများက ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို နိုင်စေရေးအတွက်  လုံခြုံရေးအဖွဲ့များ စနစ်တကျ ဖွဲ့စည်းထားပြီး ဘုရားဖူးလာပြည်သူများ၏ လိုအပ်မှုများကို ဖြည့်ဆည်းကူညီပေးလျက်ရှိသည်။ ထို့အပြင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များထားရှိရန်  ထိန်းသိမ်းစောင့်ရှောက်ပေးသည့်နေရာများဖြင့် စနစ်တကျစီစဉ်ထားရှိပေးထားကာ ဘုရားဖူး ပြည်သူများအနေဖြင့် စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)