ကျောက်ဆည် နိုဝင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ စပါးစိုက်တောင်သူများ စပါးရိတ်သိမ်း ရာတွင် လုပ်သားရှားပါးမှုအခက်အခဲမရှိစေရေးနှင့် အချိန်နှင့်တစ်ပြေညီ ပြီးစီးစေရေးအတွက် စပါးခြွေလှေ့စက်ဖြင့် စပါးရိတ်သိမ်းခြင်းများ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရှိရပြီး ယနေ့နံနက်(၉)နာရီက စမာကျေးရွာမှ ကွင်းအမှတ် (၃၅၃)က တောင်သူ ဦးမောင်မောင်၏ စပါးစိုက်ဧက (၁.၇၅)ဧကတွင် စပါးရိတ်သိမ်းခြွေလှေ့ခြင်းများ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရှိရသည်။

စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် စပါးများရိတ်သိမ်းခြင်းများနှင့် ပတ်သတ်၍ တောင်သူလယ်သမား လယ်ယာ လုပ်ငန်းခွင် လုပ်တဲ့အခါမှာ လုပ်သားရှားပါးမှု အခက်အခဲများ ဖြေရှင်းနိုင်ရေး၊ လုပ်အားကုန်ကျမှု သက်သာစေရေး၊ အချိန်ကုန်သက်သာကာ ပြောင်းလဲလာသော ရာသီဥတုနဲ့အညီ အချိန်တိုအတွင်း လုပ်ငန်းပြီးစီးမှု မြန်ဆန်စေရေး၊ စပါးများရိတ်သိမ်းရာတွင် အလေအလွင့်နည်းပါးစေရေး၊ တောင်သူများ မြေယာပြုပြင်သည်မှ ရိတ်သိမ်းချွေလှေ့ သည်အထိ လယ်ယာသုံး စက်ကိရိယာများကို ငှားရမ်းပေးခြင်းများအပြင် လယ်ယာသုံးစက်ကိရိယာများကို လက်ငင်းစနစ်၊ အရစ်ကျစနစ်များဖြင့်လည်း တောင်သူများထံ ရောင်းချပေးလျက်ရှိကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ကျောက်ဆည်မြို့နယ်တွင် ဧရာမင်း၊ မနောသုခ၊ ရွှေမနော်၊ ဆင်းသုခ စပါးမျိုးများကို အဓိကစိုက်ပျိုးပြီး ၂၀၂၁-၂၀၂၂ ခုနှစ် မိုးရာသီ၌ တိုက်နယ်(၁)တွင်(၂၂၄၀)ဧက၊ တိုက်နယ်(၂)တွင်(၅၇၉၂)ဧက၊ တိုက်နယ်(၃)တွင်(၅၃၄၃)ဧက၊ တိုက်နယ်(၄)တွင် (၄၂၀၆)ဧက၊ တိုက်နယ်(၅)တွင်(၅၉၇၀)ဧက၊ တိုက်နယ်(၆)တွင်(၃၉၁၄)ဧက၊ တိုက်နယ်(၇)တွင် (၂၃၂)ဧက၊ တိုက်နယ် (၈)တွင်(၅၉၈၄)ဧက၊ တိုက်နယ်(၉)တွင်(၄၂၃၃)ဧက၊ တိုက်နယ်(၁၀)တွင်(၅၀၁၂)ဧက၊ တိုက်နယ်(၁၁)တွင်(၄၆၈၈)ဧက၊ တိုက်နယ်(၁၂)တွင်(၅၁၈၅)ဧက စုစုပေါင်း(၅၂၇၉၉)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)