ကျောက်ဆည်       ဇူလိုင်        ၁၅

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဒါန်းတိုင်ကျေးရွာ၌  ဒေသထွက်ကုန်များ ကုန်ကျစရိတ်သက်သာစွာဖြင့် ရာသီမရွေး သယ်ယူနိုင်ရေး ကုန်ထုတ်လမ်းဖောက်လုပ်ပေးလျက်ရှိသည်။

 

ကုန်ထုတ်လမ်းဖောက်လုပ်ရာတွင် မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် ၁၂ ဒသမ ၂၅၃၀ သန်း အကုန်အကျခံကာ အလျား ၂ ဒသမ ၀၅ ဖာလုံ၊ အကျယ် ၁၂ ပေ၊ မြေထု တစ်ပေ၊ ဂဝံဂျင်းကျောက်ထု ကိုးလက်မ လမ်းဖောက်လုပ်ပေးနေခြင်းဖြစ်ပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေး ပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် ဦးစီးအရာရှိ(နည်းပညာ) ဒေါ်ဌေးဌေးရီ တို့က အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိသည်။

 

အဆိုပါ ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးသွားပါက စိုက်ပျိုးမြေဧက ၁၅၀ မှ ထွက်ရှိသော သီးနှံမျိုးစုံအား ကုန်ကျစရိတ်သက်သာစွာဖြင့် ရာသီမရွေး သယ်ယူနိုင်တော့မည်ဖြစ်ကြောင်းနှင့် ဒါန်းတိုင်ကျေးရွာမှ အိမ်ခြေ ၂၅၅ အိမ်၊ လူဦးရေ ၁၁၂၁ ဦးတို့၏ လူမှုစီးပွားဘဝများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ကြောင်း သိရှိရသည်။

 

သက်မောင်