ကျောက်ဆည်မြို့နယ် ဇရပ်ဖြူကျေးရွာတွင် ခရမ်းစိုက်ပျိုးသူများ နေ့စဉ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေ

ကျောက်ဆည်၊ မတ် ၄

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုင်းကျွန်းမြေများနှင့် ယာမြေများတွင် နေ့စဉ်ဝင်ငွေရရှိရေး ကုန်စိမ်းသီးနှံများ စိုက်ပျိုးလျက်ရှိရာ ဇရပ်ဖြူကျေးရွာတွင် ခရမ်းစိုက်စိုက်ပျိုးသူများ အပင်ဖြစ်ထွန်းအောင်မြင်သောကြောင့် နေ့စဉ်ဝင်ငွေရရှိပြီး မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

 

ခရမ်းပင်များ စိုက်ပျိုးသည့်အခါ အပင်အသေအပျောက်မရှိအောင် ခရမ်းမျိုးစေ့များအား မြေဆွေးအိတ်တွင် မျိုးစေ့တစ်စေ့ချင်း သေချာစွာပျိုးထောင်ကာ သန်မာသည့်အပင်များရွေးပြီး စိုက်ပျိုးကြောင်းနှင့် ပျိုးထောင်သည့်အခါတွင် မိမိတို့စိုက်မည့် ခရမ်းမျိုးများ မျိုးမမှားဖို့လိုကြောင်း၊ ပျိုးသက်တမ်း ရက် (၃၀) တွင် မြေပြင်ထားသည့် စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပျိုးကြောင်း၊ ခရမ်းစိုက်ခင်းများအတွင်း သီးညှပ်သီးနှံအဖြစ် ချဉ်ပေါင်၊ နံနံ စသည့် ကာလတိုသီးနှံများ တွဲဖက်စိုက်ပျိုးနိုင်ကြောင်း ခရမ်စိုက်တောင်သူ ဦးအောင်စိုးလင်းက ပြောပြသည်။

 

ခရမ်းသီးနှံသည် ရေသွင်းရေထုတ် လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်ပြီး တစ်ပင်နှင့်တစ်ပင် ()ပေအကွာ စိုက်ပျိုးကာ မြေအစိုဓာတ်မပြတ် ရေသွင်းပေးရ၍ အပင်ငယ်ချိန်တွင် မြေဆွခြင်း၊ ပေါင်းနုတ်ခြင်းများ ပြုလုပ်ရကြောင်း၊ တစ်လတစ်ခါ အပင်အခြေများတွင် အာမိုမြေဩဇာ၊ ပုလဲမြေဩဇာ သင့်တင့်ထည့်ပေးရကြောင်းနှင့် လိုအပ်သည့်အခါ အပင်အားတိုးဆေးနှင့် ပိုးသတ်ဆေးများလည်း ဖျန်းပေးရကြောင်း၊ အသီးဖြစ်ထွန်းမှုအပေါ် မူတည်ကာ နေ့စဉ်နီးပါး ခူးဆွတ်ရောင်းချလို့ရကြောင်းနှင့် ခရမ်းတစ်ပိဿာတွင် ငွေကျပ်(၆၀၀)မှ (၈၀၀)ကျပ်အထိ ရောင်းချရကြောင်း ခရမ်းအပင် တစ်ထောင်စိုက်ပျိုးထားသည့် ဦးအောင်စိုးလင်းက ပြောပြသည်။

 

သက်မောင်(ကျောက်ဆည်)