mdn

ကျောက်ဆည်၊ ဒီဇင်ဘာ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုနှစ်၊ ခြောက်လဘဏ္ဍာနှစ်တွင် မြို့နယ်အတွင်း သောက်သုံးရေအခက်အခဲရှိသော ကျေးရွာများအား သောက်သုံးရေဖူလုံစွာ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ကြောင်ကျေးရွာတွင်လည်း ပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေး ရေပေးဝေရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အတွက် ယခုအခါ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးတော့မည်ဖြစ်သဖြင့် ပြည်သူများပျော်ရွှင်လျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခွင့်ပြုရန်ပုံငွေ (၁၇ ဒသမ ၆၂၁)ကျပ်သန်းဖြင့် ရေဂါလန် (၅၀၀၀)ဆံ့ အုတ်ရေကန် တစ်ကန်၊ အလျား(၅)ပေ၊ အနံ(၅)ပေ၊ အမြင့်(၇)ပေရှိ ရေစက်ရုံတစ်ရုံ၊ ကျေးရွာတွင်း ရေသွယ်တန်းခြင်းအတွက် အကျယ်(၂)ပေ (VPC) ရေပိုက်(၆၀၀၀)ပေ ဆောင်ရွက်လျက်ရှိသည်။ 
“ကျွန်တော်တို့ရွာက တောင်ပေါ်ရွာဖြစ်တဲ့အတွက် အဝီစိတွင်းတူးဖို့ကလည်း ရွာအနေနဲ့ မလွယ်ကူးဘူးပေါ့။ နှစ်စဉ်သောက်သုံးရေ အခက်အခဲဖြစ်နေတာ အခုကြတော့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ရေစက်ရုံတွေ၊ ရေကန်တွေ၊ ရေပိုက်တွေ ဆောင်ရွက်ပေးတော့ တစ်ရွာလုံးက ပျော်ရွှင်နေကြတယ်”ဟု ကြောင်ကျေးရွာမှ ရပ်မိရပ်ဖ ဦးထွန်းမင်းက ပြောသည်။

အဆိုပါလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် ဒေါ်ဌေးဌေးရီ (နည်းပညာ)တို့က ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် လုပ်ငန်းများပြီးစီးသွားပါက ကြောင်ကျေးရွာမှ အိမ်ခြေ (၃၆၉)အိမ်၊ လူဦးရေ (၁၈၀၄)ဦးအတွက် သောက်သုံးရေများ ဖူလုံမည့်အပြင် အခြား ကျွဲ၊ နွား တိရစ္ဆာန်များ အတွက်လည်း အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင်(ကျောက်ဆည်)