ကျောက်ဆည်၊ ဩဂုတ် ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရန် ရည်ရွယ်၍ ပဉ္စမအကြိမ်မြောက် မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေများကို မုန်တိုင်ကျေးရွာနှင့် လေးအိမ်စုကျေးရွာများတွင် ယနေ့နံနက် ၉ နာရီခွဲက ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ထိုသို့စီမံကိန်းချေးငွေထုတ်ချေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်အေးက စီမံကိန်းကျေးရွာများတွင် အရင်းမပျောက်လည်ပတ် ရန်ပုံငွေများ ထူထောင်၍ မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်းချေးငွေများ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ (နည်းပညာ) ဒေါ်ဌေးရီနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ မုန်တိုင်ကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူ (၈၈) ဦးအတွက် ငွေကျပ် (၂၁၀၀၀၀၀၀)၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နေသူ (၇) ဦးအတွက် ငွေကျပ် (၁၁၀၀၀၀၀)၊ မွေးမြူရေးလုပ်ကိုင်နေသူ (၁၄၉) ဦးအတွက် ငွေကျပ် (၁၇၈၀၀၀၀၀) နှင့် လေးဆယ်ကုန်းကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူ (၁၂၉) ဦးအတွက် ငွေကျပ် (၂၄၄၀၀၀၀၀)၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူ (၈၆) ဦးအတွက် ငွေကျပ် (၁၀၆၀၀၀၀၀)၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နေသူ (၁၄) ဦးအတွက် ငွေကျပ် (၂၈၀၀၀၀၀)၊ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေသူ တစ်ဦးအတွက် ငွေကျပ်(၂၀၀၀၀၀)နှင့် စုစုပေါင်းငွေကျပ်(၇၇၉၀၀၀၀၀) သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မြစိမ်းရောင် ကျေးရွာစီမံကိန်းဖြစ်သည့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ဆောင်ရွက်ပေးခြင်း၊ ကျေးရွာတွင်း လမ်းများအဆင့်မြှင့်တင်ပေးခြင်း၊ ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ်ပေးခြင်း စသည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဖော်ဆောင်ပေးလျက်ရှိရာ မုန်တိုင်ကျေးရွာနှင့် လေးဆယ်ကုန်း ကျေးရွာများတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ စတင်ထုတ်ချေးပေးခဲ့ပြီး ယခု ထုတ်ချေးပေးခြင်းသည် ပဉ္စမအကြိမ်မြောက် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။
တင်တင်ထွေး


