ကျောက်ဆည်  ၁၃   ဇွန် 

 

မန္တလေးတိုင်းဒေသကြီး၊ ‌ကျောက်ဆည်မြို့နယ်၊ မြင်းချီနိုင်ကျေးရွာတွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန က ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေ ပြည်သူများ၏ စားဝတ်နေရေး လုပ်ငန်းများအပေါ် ထိခိုက်မှုများ လျော့နည်းစေရန်နှင့် တစ်နိုင်တပိုင် စီးပွားရေး လုပ်ငန်းများလုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ အတိုးငွေပြား ၅၀ နှုန်း ဖြင့် ပဉ္စမအကြိမ်မြောက် မြစိမ်းရောင် စီမံကိန်း ချေးငွေများကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ထုတ်ချေးပေး‌အပ်ခဲ့ကြောင်း သိရသည်။

 

မြင်းချီနိုင်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်း ပဉ္စမနှစ် စက်ဝန်းအဖြစ် စိုက်ပျိုးရေး လုပ်ကိုင် သူ ၁၅၂ ဦး၊ မွေးမြူရေး လုပ်ကိုင်သူ ၅၅ ဦး၊  အရောင်းအဝယ် လုပ်ကိုင်သူ ၇ ဦး၊ စုစုပေါင်း အသင်းဝင် ၂၁၄ ဦးအား ချေးငွေကျပ် ၄၁၉ သိန်းအား အသင်းဝင်များ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ထိုက်ထိုက်စိုး ကပြောပြ ၍သိရသည်။

 

ထိုသို့ထုတ်ချေးပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ မြစိမ်းရောင် ချေးငွေ ထုတ်ချေးပေး နိုင်ရေးစီမံချက်များနှင့်အညီ ကျောက်ဆည် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်ထားဝေ နှင့် ဝန်ထမ်းများ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာမြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှု ကော်မတီဝင်များပူးပေါင်း၍ ထုတ်ချေးပေးခဲ့‌ ကြောင်း သိရသည်။

 

ငြိမ်းသူ