ကျောက်ဆည် အောက်တိုဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ရှားပင်ကျေးရွာတွင် ကျေးရွာမြစိမ်းရောင်စီမံကိန်း အတိုးရငွေနှင့် ပြည်သူများထည့်ဝင်ငွေနှင့် လုပ်အားများ ပူးပေါင်းပြီး ကျေးရွာတွင်လမ်းများအား ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကွန်ကရစ်လမ်းခင်းရာတွင် လမ်းအရည်အသွေးပြည့်မီစေရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက အနီးကပ်ကြပ်ကြီးကာ ကျေးရွာလမ်းကော်မတီဦးဆောင်မှုဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ၏ (၅၀)ရာခိုင်နှုန်းဖြစ်သော ငွေကျပ်(၉၇)သိန်း၊ ပြည်သူထည့်ဝင်ငွေ လုပ်အား၊ ပစ္စည်းတန်းဖိုး (၁၈၅၄၅၀၀၀)ကျပ်အသုံးပြု၍ အရှည်ပေ (၁၀၀၀)၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

"အရင်က ရွာတွင်းလမ်းတွေက မြေသားလမ်းဖြစ်လို့ မိုးရာသီဆို ဗွက်တွေဖြစ်တော့ ကလေးတွေနဲ့ အသက်ကြီးသူတွေအတွက် သွားရလာရတာ အဆင်မပြေဘူး။ အခုလိုမျိုး ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပြီး လမ်းခင်းလိုက်တော့ အချိန်ရာသီမရွေးသွားလာလို့ရသွားပြီ ဖြစ်တာကြောင့် လမ်းဖြစ်မြောက် အောင် အဓိကဆောင်ရွက်ပေးတဲ့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကို အထူးကျေးဇူးတင်ကြောင်း" ရပ်မိရပ်ဖဦးခိုင်စိုးလင်းကပြောပြသည်။

သက်မောင်(ကျောက်ဆည်)