ကျောက်ဆည်၊ ဒီဇင်ဘာ ၂

           

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့ပြနှင့် ကျေးလက်ကွာဟမှု မရှိစေရေးအတွက် မြို့နယ်အတွင်းရှိ ကျေးရွာများအား ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပြီး  ရှားပင်ကျေးရွာတွင် ကျေးရွာမြစိမ်းရောင် စီမံကိန်း အတိုးရငွေ(၅၀) ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေ၊ လုပ်အား၊ ပစ္စည်းများဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရာ ယခုအခါ (၆၀)ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း  သိရှိရသည်။

           

ကွန်ကရစ်လမ်းခင်းရာတွင် လမ်းအရည်အသွေး ပြည့်မီစေရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးနှင့် ဦးစီးအရာရှိဒေါ်ဌေးရီ (နည်းပညာ)တို့မှ အနီးကပ်ကြပ်ကြီးမှုဖြင့် ကျေးရွာလမ်းကော်မတီဦးဆောင်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ၏ (၅၀)ရာခိုင်နှုန်းဖြစ်သော ငွေကျပ်(၉၇)သိန်း၊ ပြည်သူထည့်ဝင်ငွေ လုပ်အား၊ ပစ္စည်းတန်းဖိုး (၈၈၄၅၀၀၀)ကျပ် စုစုပေါင်း ငွေကျပ်(၁၈၅၄၅၀၀၀)ကျပ် အသုံးပြု၍ အရှည်(၁၀၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

           

ကျောက်ဆည်မြို့နယ် ရှားပင်ကျေးရွာတွင် အိမ်ခြေအိမ်ထောင်စု(၃၆၀)စု၊လူဦးရေ(၁၅၆၉)ဦး နေထိုင် လျက်ရှိပြီး ကွန်ကရစ်လမ်းခင်းခြင်းနှင့်ပတ်သက်၍ "အရင်က ရွာတွင်းလမ်းတွေက မြေသားလမ်းဖြစ်လို့ မိုးရာသီဆို ဗွတ်တွေဖြစ်တော့ ကလေးတွေနဲ့အသက်ကြီးသူတွေအတွက် သွားရလာရတာ အဆင်မပြေဘူး အခုလိုမျိုး ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပြီးလမ်းခင်းလိုက်တော့ အချိန်ရာသီမရွေး သွားလာလို့ရသွားပြီ ဖြစ်တာကြောင့် လမ်းဖြစ်မြောက်အောင်အဓိက ဆောင်ရွက်ပေးတဲ့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကို အထူးကျေးဇူးတင်ကြောင်း" ရပ်မိရပ်ဖ ဦးခိုင်စိုးလင်းက ပြောပြသည်။

 

သက်မောင်(ကျောက်ဆည်)