ကျောက်ဆည် ဧပြီ ၂၉

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် တောင်သူများအနေဖြင့် လယ်မြေများတွင် စပါး၊ နှမ်း၊ ငရုပ်၊ ကြက်သွန် သီးနှံများအပြင် မိသားစုဝင်ငွေရရှိရေး ယာမြေများတွင် ဈေးကွက်ဝင် ငှက်ပျောသီးနှံများ ပိုမိုစိုက်ပျိုးလာကြောင်းနှင့် ရွာပုလဲကျေးရွာတွင် စိုက်ပျိုးထားသော ငှက်ပျော စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

ငှက်ပျောသီးနှံစိုက်ပျိုးရာတွင် မိသားစုတစ်နိုင်တစ်ပိုင် လုပ်ကိုင်နိုင်ခြင်း၊ အလုပ်သမားရှားပါးမှု မရှိခြင်းနှင့် သွင်းအားစုနည်းပါးခြင်းတို့ကြောင့် တောင်သူများ ပိုမိုစိုက်ပျိုးလာကြောင်း၊ ငှက်ပျောစိုက်ပျိုး ရာတွင် အောင်မြင်ဖြစ်ထွန်းစေရေးအတွက် အစိုဓာတ်လုံလောက်စွာရရှိနိုင်သည့် မိုးရာသီတွင် အများဆုံး စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရာတွင် တစ်ပင်တန်းနှင့် နှစ်ပင်တန်း(စွယ်စုံ)ဟူ၍  အတန်းလိုက် စိုက်ပျိုးကြကြောင်း၊ တစ်ပင်တန်းစိုက်ပျိုးမည်ဆိုပါက တစ်ဧက အပင်(၆၀၀)ခန့် ဝင်ဆန့်ပြီး နှစ်ပင်တန်း စိုက်ပျိုးမည်ဆိုပါက အပင်(၈၀၀)ခန့် ဝင်ဆန့်ကြောင်း သိရသည်။

 

ကျောက်ဆည်မြို့နယ်မှ တောင်သူများအနေဖြင့် ငှက်ပျောသီးနှံများ စိုက်ပျိုးရာတွင် နှစ်ပင်တန်း စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး ()လအကြာတွင် ငှက်ပျောအဖူးများ စတင်ထွက်ရှိလာပြီး (၁၂)လအကြာတွင် စတင်ခုတ်ရောင်းရကြောင်း၊ ကုန်ကျမှုအနေဖြင့် ထယ်စရိတ်၊ ထွန်စရိတ်၊ ပျိုးပင်တန်ဖိုးနှင့် ရေတင်ခြင်း၊ မြေဩဇာအသုံးပြုခြင်း၊ ပင်စည်ခုတ်လှဲရှင်းလင်းခြင်းများ အပါအဝင် စုစုပေါင်း ငွေကျပ်(၁၇)သိန်းခန့် ကုန်ကျကြောင်းနှင့် တစ်ဧကငွေကျပ်(၃၁)သိန်းကျော် ပြန်လည် ရရှိကြောင်း ငပျော်စိုက်တောင်သူ တောင်သူ ဦးလှကြည်က ပြောသည်။

သက်မောင်(ကျောက်ဆည်)