ကျောက်ဆည်၊  ဒီဇင်ဘာ ၁၅

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အိုမီခရွန် ကိုဗစ်ဗီဇပြောင်းဗိုင်းရပ်ရောဂါ ပိုးကူးစက်မှု မရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါထပ်မံဖြစ်ပွားမှု မရှိစေရေးတို့အတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းက တောင်နံ့သာကျေးရွာတွင် အသံချဲ့စက်ဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အသိပေးနှိုးဆော်ရာတွင် အိုမီခရွန်(omicron) ကိုဗစ်မျိုးရိုးဗီဇပြောင်းဗိုင်းရပ်ပိုးနှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မရှိစေရေးအတွက် ပြည်သူများအနေဖြင့် နေအိမ်တွင်သာနေထိုင်ကြရန်၊ ပြင်ပမှလာသောဧည့်သည်များ လက်မခံရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊ မဖြစ်မနေ အရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သပ်ခြင်း၊ ကိုယ်တွယ်ခြင်း၊ ထိတွေ့ခြင်း မပြုလုပ်ကြရန်နှင့် ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါကနီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ စစ်ဆေးကုသမှုခံယူကြရန်၊  ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်း များကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေရေး အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေး မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ သံသယရှိသူများအား Test Kit ဖြင့် စစ်ဆေးပေးခြင့်၊ ရောဂါပိုးကူးစက်ခံရသူများအား ထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် စနစ်တကျ ဆေးဝါးကုသပေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)