ကျောက်ဆည်၊ ၂၇ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ပြီး မြို့ပြနှင့် ကျေးလက်ကွာဟမှု မရှိစေရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ကျေးရွာ(၁၅)ရွာတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ရွာနန်း၊ ပတ္တာ၊ တံတားဦးကုန်း၊ ကျီးအိပ်၊ ငှက္ကတောင်၊ တောင်နောက်၊ သမန်းသား၊ တံတားဦးလေး၊ တောင်တော်၊ မြောင်းဘောင်၊ ညွှန့်ပင်၊ မန်ကျီးတော၊ မြို့သာ၊ ကိုးပင်ကျေးရွာနှင့် ခတက်ကုန်းကျေးရွာများတွင် ကျေးရွာများပြည်သူများထံမှ ပကတိလိုအပ်ချက်များ ဖော်ထုတ်ပြီး ဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက်နိုင်ရန် စီမံချက်များရေးဆွဲကာ နိုင်ငံတော်မှ ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း(၁၀၀)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာ၌ ကျေးရွာများမှ ပြည်သူများ၏ ဆန္ဒတူညီမှုဖြင့် အမှန်တကယ် လိုအပ်သော ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးရွာပြည်သူများမှ လုပ်အားများပါဝင်ခြင်း၊ ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ထိုက်ထိုက်စိုးထံမှ သိရသည်။
တင်တင်ထွေး(ခရိုင်ပြန်/ဆက်)


