ကျောက်ဆည် ၂၇ ဧပြီ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့တွင် ဧပြီ(၂၇)ရက် နံနက်(၉)နာရီခွဲ အချိန်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းနှင့် တာဝန်ရှိသူများသည် မြဘုရင် နို့ချက်လုပ်ငန်း၊ အင်ရောင်းကျေးရွာ အနီးရှိ ဆေးဝါးစက်ရုံနှင့်စတီးစက်ရုံ၊စက်မှုဇုန်နယ်မြေအတွင်းရှိမှန်စက်ရုံများတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ(ကိုဗစ်-၁၉) ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ လုပ်ငန်းခွင်အတွင်း ကျန်းမာရေးနှင့် ညီညွတ်စေမည့် ဆောင်ရွက်ထားသည့် အကြောင်းအရာများအား ဆွေးနွေးခဲ့ပြီး စစ်တမ်းများ ကောက်ယူခဲ့ကြောင်း သိရှိရသည်။
ထိုသို့စစ်ဆေးရာတွင် နေအိမ်မှအလုပ်လုပ်ရန် ဖြစ်နိုင်သော အလုပ်သမားများကို နေအိမ်များမှသာ အလုပ်လုပ်စေရန်၊ လုပ်ငန်းခွင် အလုပ်သမား တစ်ဦးချင်းအား (၆)ပေအကွာအဝေး ထားရှိရန်နှင့် (၆)ပေအကွာ နေရာမရှိပါက Face shield များစီစဉ်ပေးနိုင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက် များတွင်ပါဝင်သော အလုပ်ခွင်သို့ မဝင်ရောက်စေမည့် အချက်အလက်များအား ထင်ရှားစွာ ရေးသားဖော်ပြထားခြင်းများ ထားရှိစေခြင်းများ၊ ဝန်ထမ်းကြို/ပို့ယာဉ်များအား အမည်နှင့်ယှဉ်တွဲ၍ ထိုင်ခုံနေရာများ စနစ်တကျနေရာ သတ်မှတ် ထားရှိစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာစစ်ဆေးပေးသည့် ဝန်ထမ်းများအတွက် တစ်ကိုယ်ရေသုံး အကာအကွယ်ပစ္စည်းများ ပြည့်စုံစွာ ထောက်ပံ့ပေးခြင်းများ၊ စနစ်တကျ လက်များဆေးရန်အတွက် လိုအပ်သော(ဆပ်ပြာ ၊ရေ၊ လက်သန့်ဆေးရည်၊ တစ်ရှူးစက္ကူများ) စီစဉ်ဆောင်ရွက်ထားရှိစေခြင်းများ၊ အလုပ်သမားများ နေ့စဉ်အသုံးပြုသော ပစ္စည်းကရိယာများနှင့် အလုပ်သမားများ ထိတွေ့ရသည့် သတ္တုမျက်နှာပြင်များကို ပိုးသတ်သန့်စင်ရန် အတွက် 70% Alcohol များ အလုံအလောက်ထားရှိစေရေး၊ ထမင်းစားခန်း၊ နားနေခန်းများတွင် တစ်ဦးနှင့်တစ်ဦး (၆)ပေ အကွာတွင် စားသောက်ရန်နှင့် နားနေရန်နေရာများ စီစဉ်ပေးခြင်းများ၊ လုပ်ငန်းခွင်များကို လေဝင် လေထွက် ကောင်းမွန်အောင် စီစဉ်ပေးထားမှုများရှိစေရေး စသည့်ကျန်းမာရေးနှင့် ညီညွတ်စေမည့် အချက်အလက်များ ဆောင်ရွက်ထားရှိပေးရေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)


