ကျောက်ဆည် ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ တန်ခိုးကြီး ဘုရားများသို့ ယနေ့နံနက်ပိုင်းက ရပ်ဝေးရပ်နီးမှ ဘုရားဖူး လာရောက်ကြသူ ပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ မဟာဆုတောင်းပြည့် ရွှေသိမ်တော်ဘုရားနှင့် တမုတ်ရွှေဂူကြီးဘုရား နှစ်ဆူသည် လူသိများပြီး ဘုရားဖူး များ နေ့စဉ်လာရောက် ဖူးမြော်ကန်တော့ ဆုတောင်းလျက်ရှိရာ အခါကြီးရက်ကြီးများနှင့် အစိုးရ ရုံးပိတ်ရက်များတွင် ပိုမိုစည်ကားလျက်ရှိကြောင်း သိရှိရသည်။
တမုတ်ရွှေဂူကြီးဘုရားသည် ကျောက်ဆည်မြို့ အနောက်ဘက် ငါးမိုင်အကွာ ညောင်ပင်ဇောက် ကျေးရွာအနီးတွင် တည်ရှိပြီး မဟာဆုတောင်းပြည့် ရွှေသိမ်တော်ဘုရားသည် ကျောက်ဆည်မြို့မြောက်ဘက် ရန်ကုန်-မန္တလေး ကားလမ်း သင်တောင်းကြီးကျေးရွာအနီးတွင် တည်ရှိသည်။
မဟာဆုတောင်းပြည့် ရွှေသိမ်တော် ဘုရားကြီးတွင် အုန်း၊ ငှက်ပျောပွဲနှင့် အဓိဋ္ဌာန်ပြု ဆုတောင်းပါက တောင်းသည့်ဆုများ ပြည့်ဝသဖြင့် ဘုရားဖူး ပြည်သူများ အမြဲလာရောက် အဓိဋ္ဌာန်ပြု ဆုတောင်းလျက်ရှိကြောင်းနှင့် အခါကြီးရက်ကြီး နေ့များနှင့် အစိုးရရုံးပိတ်ရက်များ တွင် ရပ်ဝေးရပ်နီးမှ ဘုရားဖူး ပြည်သူများဖြင့် ပိုမိုစည်ကားလျက် ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


