ကျောက်ဆည် ၂ ဩဂုတ်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ဝင်ငွေနည်းပါသူများ CIVD-19 ကာလတွင် ဝင်ငွေရရှိရေး မိမိတို့တတ်မြောက်ထားသည့် လက်မှုပညာများဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေရေးအတွက် လုပ်ငန်းများ ရှာဖွေလုပ်ကိုင် ဆောင်ရွက်လျက်ရှိကြရာ တစ်ပိုင်တစ်နိုင် ဝါးထရံရက်လုပ်ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
ဝါးအမျိုးမျိုးရှိသည့်အနက် ဝါးထရံပြုလုပ်သူများသည် တင်းဝါးကိုသာ အဓိကသုံးစွဲကြကြောင်း သိရှိရပြီး အမြင့်(၄)တောင် အလျား(၁၀)တောင် ရိုးရိုးရက်လုပ်ထားသည့် ဝါးထရံတစ်ချပ်ဆိုပါက ကျပ်တစ်သောင်း ရောင်းရပြီး ဝါးလုံး၏ အပြင်အကျောဖြင့် ရက်လုပ်ထားသည့် (ဒေသအခေါ်) နှီးပူးဝါးထရံ တစ်ချပ်ဆိုပါက ငွေကျပ် နှစ်သောင်းခွဲ ရရှိကြောင်း၊ ထို့အပြင် မှာယူသူများ စိတ်ကြိုက် ဝါးထရံ အထူ၊ အပါး၊ အကြီး၊ အသေး ဒီဇိုင်းအမျိုးမျိုး ရက်လုပ်ပေးရသဖြင့် နေ့တိုင်းဝင်ငွေရရှိကြောင်း ဝါးထရံရက်လုပ်ရောင်းချသူ ကျောက်ဆည်မြို့အဝင် ရဲစုရပ်ကွက်၊ ကျေးရွာချင်းဆက်လမ်းဘေးတွင် မိသားစုဖြင့် တစ်ပိုင်တစ်နိုင် ရက်လုပ်ရောင်းချသူ ဦးမြင့်ဆွေ ပြောပြ၍ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)
