ကျောက်ဆည် ဖေဖော်ဝါရီ ၁၉
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ညောင်ဝန်းကျေးရွာ၌ ဆောင်းကုလားပဲ ၁၅၅ ဧက စိုက်ပျိုးထားကြောင်းသိရှိရပြီး တောင်သူဦးမြင့်မိုး၏ ဆောင်းကုလားပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
ညောင်ဝန်းကျေးရွာ၌ ဆောင်းကုလားပဲများအပြင် ကြက်သွန်နီ ဧက ၃၀၊ ပဲကြီး ခုနစ်ဧက၊ အခြားပဲ ၁၉၅ ဧက၊ ဖူးစားပြောင်း ၁၀ ဧက၊ နေကြာ၂၀၃ ဧက၊ ဟင်းသီးဟင်းရွက် ၃၅ ဧက၊ ကျွဲနွားစာ ၂၅ ဧက စိုက်ပျိုးထားကြောင်း သိရှိရပြီး ဆောင်းကုလားပဲများကို အပင်ပေါက်သေချာစေရန်အတွက် မြေအစိုဓာတ်ရှိချိန်တွင် စနစ်တကျ မြေပြုပြင်စိုက်ကြောင်းနှင့် လိုအပ်သည့်အချိန်၌ အပွင့်အသီးတင်ဆေးများ၊ ပိုးမွှားကာကွယ်နှိမ်နင်းဆေးများ အသုံးပြု၍ စိုက်ပျိုးထားကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ ဆောင်းကုလားပဲ ၃၈၁၉ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရပြီး ကုလားပဲစိုက်တောင်သူများအနေဖြင့် ရေဆင်း(၆)၊ ရေဆင်း(၁၂)၊ ကုလားပဲအနီမျိုးများနှင့် ရေဆင်း(၃)၊ ရေဆင်း(၈)၊ ရေဆင်း(၁၁)၊ ရေဆင်း(၁၃) ကုလားပဲအဖြူမျိုးများ အဓိကစိုက်ပျိုးကြပြီး ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက လိုအပ်သည့် နည်းပညာများ ကူညီပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)


