ကျောက်ဆည် ၊ ၂ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ မှိုင်းပန်ကျေးရွာတွင် စပျစ်ပင် ၅၀၀ စမ်းသပ်စိုက်ပျိုးလျက်ရှိရာ အောင်မြင်ဖြစ်ထွန်းနေပြီး အသီး အထွက်နှုန်း ကောင်းမွန်မှုကြောင့် ရောင်းချရာတွင်လည်း ဈေးနှုန်းသင့်တင့်စွာရသဖြင့် စပျစ်စိုက်တောင်သူများ စီးပွားရေး တွက်ခြေကိုက်လျက်ရှိကြောင်း သိရသည်။
စပျစ်စိုက်ပျိုးသည့်အခါ မစိုက်ပျိုးမီ မြေပြင်ရာတွင် တစ်ပေ အနက်၊ တစ်ပေ အကျယ် ကျင်းတူးပြီး သဘာဝမြေဆွေးများထည့်ကာ ပြုပြင်ရကြောင်း၊ မြေပြုပြင်ပြီးမှ စပျစ်အရိုင်းပင်ကို စိုက်ပျိုးပြီး ခြောက်လအကြာတွင် အညွန့်ကိုင်းဖြတ်ပြီး အယဉ်မျိုးနှင့် ကိုင်းကူးပေးရကြောင်း၊ ကိုင်းကူးပြီး ခြောက်လ အကြာတွင် စပျစ်သီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း စပျစ်အပင် ၅၀၀ စိုက်ပျိုးမည်ဆိုပါက စတင်အသီးသီးချိန်အထိ ကုန်ကျငွေ ကျပ် ၁၆ သိန်းခန့် ကုန်ကျကြောင်း၊ အသီးများ ခူးဆွတ်ရောင်းချရာတွင် နှစ်လကျော်အထိ ခူးဆွတ်ရကာ ကုန်ချိန် ပိဿာ ၁၅၀၀ ခန့် ရရှိကြောင်း၊ ရောင်းဈေး အနေဖြင့် တစ်ပိဿာ ကျပ် ၃၀၀၀၊ ၄၀၀၀ ဈေးအမျိုးမျိုးရောင်းရကြောင်း မှိုင်းပန်းကျေးရွာမှ စပျစ်စိုက်ပျိုးသူ ဦးညွန့်ဝင်းက ပြောပြသည်။
ထို့ကြောင့် သပျစ်သီးနှံသည် ကျောက်ဆည်မြို့၏ ရာသီဉတု၊ ရေ၊ မြေနှင့် ကိုက်ညီပြီး အခြားသီးနှံများနှင့် နှိုင်ယှဉ်ပါက အကျိုးအမြတ်များသောကြောင့် ယာမြေပိုင်ဆိုင်သော တောင်သူတချို့သည် စပျစ်ပင်များ တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)


