ကျောက်ဆည်၊ ၂၀ မေ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ပဲတီစိမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးအထွက်နှုန်းကောင်းသဖြင့် ပဲတီစိမ်းစိုက်တောင်သူများ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း ပဲတီစိမ်းစိုက်ပျိုးသူများထံမှ သိရှိရသည်။
ကျောက်ဆည်မြို့နယ်၌ ပဲတီစိမ်းသီးနှံများကို ဆည်ရေပေးကာ စီမံကိန်းသီးနှံအဖြစ် စိုက်ပျိုးသော်လည်း အချို့တောင်သူများသည် ကိုယ်ပိုင်အဝီစိတွင်းတူးကာ မြေအောက်ရေဖြင့် စိုက်ပျိုးသောကြောင့် လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ကြောင်း သိရှိရသည်။
ပဲတီစိမ်းသီးနှံသည် ဘောင်များပြုလုပ်၍ စိုက်ပျိုးပါက အထွက်နှုန်းကောင်းပြီး ခူးဆွတ်ရာတွင်လည်း (၇)ရက်ခြားခူးရကာ နေလှန်းအစေ့ထုတ် ရောင်းရသည့်အတွက် ပဲတီစိမ်းစိုက်သည့် တောင်သူများ စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်သည်။
“ဒီနှစ်မှာတော့ မိုးရွာတဲ့အတွက် ပဲတီစိုက်ခင်းတွေ အပင်ကောင်းပြီး အသီးသီးနှုန်းလည်း ပိုလာပါတယ်၊ ယခင်နှစ်က မိုးမရွာတော့ တစ်ဧက တင်း(၂၀)လောက်ပဲ ထွက်ရှိတယ်၊ ယခုနှစ်မှာ တင်း(၃၀)ခန့် ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်၊ ဈေးနှုန်းကတော့ တစ်တင်း (၂၃၀၀၀)ကျပ်ဈေး ရောင်းရပါတယ်” ဟု မကျီးတော်ကျေးရွာမှ ပဲတီစိုက်တောင်သူ ဦးပေါသိန်းက ပြောပြသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် ယခင်နှစ်က ပဲတီစိမ်းများကို တိုက်နယ်(၁)တွင် (၉)ဧက၊ တိုက်နယ်(၂)တွင် (၅၈၅)ဧက၊ တိုက်နယ်(၃)တွင် (၃၇၆)ဧက၊ တိုက်နယ်(၄)တွင် (၁၂၈)ဧက၊ တိုက်နယ်(၅)တွင် (၁၅)ဧက၊ တိုက်နယ်(၆)တွင် (၈၇၂)ဧက၊ တိုက်နယ်(၈)တွင် (၅၄၄)ဧက၊ တိုက်နယ်(၉)တွင် (၄၃၈)ဧက၊ တိုက်နယ်(၁၀)တွင် (၃၄)ဧက၊ တိုက်နယ်(၁၂)တွင် (၄၂)ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။
သက်မောင်(ကျောက်ဆည်)


