ကျောက်ဆည် မတ် ၂၁

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်၌ နွေသီးနှံမျိုးစုံစိုက်ပျိုးရာတွင် လျာထားချက် ပြည့်မီကျော်လွန်ရေး မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက စိုက်ပျိုးရေများ ပေးဝေလျက်ရှိကြောင်းနှင့် နွေနှမ်းနှင့် မိုးကြိုပဲတီစိမ်း သီးနှံများလည်း စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ 

 

ကျောက်ဆည်မြို့နယ်အနေဖြင့် နွေနှမ်းသီနှံ ၄၄၂၀၆ ဧကနှင့် မိုးကြိုပဲတီစိမ်းသီးနှံ ၃၂၉၆ ဧက စိုက်ပျိုးရန် လျာထားကြောင်းနှင့် စမာစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းအတွင်းရှိ ကျေးရွာအုပ်စုများဖြစ်သော ဒါန်းတိုင်ကျေးရွာအုပ်စု၌ နွေနှမ်း ဧက ၅၁၀၊ မိုးကြိုပဲတီစိမ်း ဧက ၅၀၊ ရန်ဘက်လိုကျေးရွာအုပ်စု၌ နွေနှမ်း ဧက ၉၈၀၊ မိုးကြိုပဲတီစိမ်း ဧက ၁၅၀၊ ပေတောကြီးကျေးရွာအုပ်စု၌ နွေနှမ်း ၉၄၂ ဧက၊ မိုးကြိုပဲတီစိမ်း ၁၇၅ ဧက၊ ဘုံကွင်းကျေးရွာအုပ်စု၌ နွေနှမ်း ၆၂၂ ဧက၊ မိုးကြိုပဲတီစိမ်း ဧက ၄၀၊ စင်းကွန်း ကျေးရွာအုပ်စု၌ နွေနှမ်း ၉၂၅ ဧက၊ မိုးကြိုပဲတီစိမ်း ၇၅ ဧက၊ ပန်းခွာကျေးရွာအုပ်စု၌ နွေနှမ်း ၆၀၄ ဧက၊ မိုးကြိုပဲတီစိမ်း ၂၀၇ ဧက စိုက်ပျိုးရန် လျာထားလျက်ရှိပြီး နွေနှမ်းနှင့် မိုးကြိုပဲတီစိမ်းသီးနှံ များ စတင်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

နွေနှမ်း စိုက်ပျိုးခြင်းများနှင့် ပတ်သက်၍ ယခင်နှစ်များက ထယ်ရေးပြင်ကာ မိရိုးဖလာ မြေပြင်ပေါ်တွင်စိုက်ပျိုးရာ နွေနှမ်းများ အောင်မြင်ဖြစ်ထွန်းသော်လည်း ရာသီဥတုအပြောင်းအလဲကြောင့် မိုးရွာသွန်းမှုများသည့်အခါ မိုးရေဝပ်၍ နှမ်းပင်များသေဆုံးသည့်အတွက် နှမ်းစိုက်တောင်သူများအနေဖြင့် ဆုံးရှုံးမှုများဖြင့် ကြုံတွေ့ရကြောင်း ယခုနှစ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာအကူအညီရယူပြီး ပေါင်ကြီးတင်စနစ်ဖြင့် ပြောင်းလဲစိုက်ပျိုးကြောင်း၊ ပေါင်ကြီးတင်စနစ်မှာ အကျယ်လေးပေ၊ အရှည် ပေ ၂၀ မြေပေါင်များ ပြုလုပ်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ မြေပေါင်နှင့် ပြောင်းလဲစိုက်ပျိုးသည့်အတွက် နှမ်းပင်များ ရေလိုချိန်တွင် ရေသွင်းနိုင်ပြီး မိုးများသည့်အခါ မိုးရေများကို အလွယ်တကူ ထုတ်နိုင်သည့်အတွက် နှမ်းပင်များ သေဆုံးမှုမရှိနိုင်ကြောင်း၊ စိုက်ပျိုးရာတွင် တစ်နှင့်တစ်ပင် သတ်မှတ်အကွာအဝေး စိုက်ပျိုးသည့်အတွက် အထွက်နှုန်းသေချာကြောင်း နွေနှမ်းစိုက်တောင်သူ ဦးဝင်မြင့်က ပြောသည်။ 

 

သက်မောင်(ကျောက်ဆည်)