မန္တလေး မေ ၂၇
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်သည် ဆည်ရေသောက်ဒေသဖြစ်ပြီး မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်လျက်ရှိရာ ပဲတီစိမ်း(မိုး)ကို ကျောက်ဆည်မြို့နယ်၌ ၃၂၉၆ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ပဲတီစိမ်း(မိုး)ကို မတ်လနှင့် ဧပြီလများတွင် စိုက်ပျိုးကြပြီး ဇွန်လနှင့် ဇူလိုင်လများတွင် စတင်ခူးဆွတ်ရကြောင်း၊ ကျောက်စိမ်းမျိုးနှင့် ရေဆင်း-၁၁ မျိုးများကို အများဆုံးစိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၅-၆ ပြည်ခန့် ကုန်ကျကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် သုံးသိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်က တစ်ဧကလျှင် ပဲတီစိမ်း ၁၁-၁၂ တင်းခန့်ထွက် ရှိခဲ့ကြောင်း၊ ယခုအချိန်တွင် ပဲတီစိမ်းသီးနှံ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ အထွက်နှုန်းနှင့် ဈေးနှုန်းကောင်းမွန်ပါက အကျိုးအမြတ် ပိုမိုရရှိမည်ဖြစ်ကြောင်း ပဲတီစိမ်းစိုက် တောင်သူတစ်ဦးထံမှ သိရသည်။
သတင်းရင်းမြစ်- စီးပွား/ကူးသန်း