ကျောက်ဆည်၊ ၁၄ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ် ကင်းရှင်းစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြို့ရှောင်လမ်းဆုံတွင် ကျောက်ဆည်ခရိုင် အမှတ်(၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူးကောင်းမြတ်သူ ဦးဆောင်ကာ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များမှ ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်းအန္တရာယ် အသိပညာပေးခြင်းများ နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်းများကို ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက အခမဲ့ ဖြန့်ဝေပေးကြသည်။
ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် နေ့ပိုင်းဆိုင်ကယ်စီးနင်းရာ၌ ဆိုင်ကယ်ရှေ့ အောက်မီးများ ဖွင့်ပြီးမောင်းနှင်ကြရေး၊ အရည်အသွေး ကောင်းမွန်သော ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျဆောင်းစေရေး၊ မော်တော်ယာဉ် မောင်းနှင်သူများ အနေဖြင့် ထိုင်ခုံခါးပတ်များ ပတ်ပြီးမှသာ ယာဉ်များမောင်းနှင်ကြရေး၊ သတ်မှတ်မိုင်နှုန်း၊ သတ်မှတ်ကုန်များ တင်ဆောင်မောင်းနှင်ကြရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင်အနေဖြင့် ၂၀၂၀ ပြည့်နှစ်အတွင်း ယာဉ်တိုက်မှု ၃၁ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၁ ဦး၊ ဒဏ်ရာရရှိသူ ၃၀ ရှိရာ သေဆုံးသူအများစုမှာ ဆိုင်ကယ်မောင်းနှင်ရာတွင် ဦးထုပ်စနစ်တကျ မဆောင်းခြင်း၊ ပေါ့လျော့စွာဆိုင်ကယ် မောင်းနှင်ခြင်းကြောင့် သေဆုံးမှုများဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဆိုင်းကယ်များ စီးနင်းရာတွင် လူသုံးယောက် မောင်းနှင်ခြင်းမပြုကြရန်၊ ဆိုင်ကယ်နံပါတ်ပြားများ တပ်ဆင်၍ မောင်းနှင်ကြရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရေး နှာခေါင်းစည်းများကိုလည်း အခမဲ့ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း ကျောက်ဆည်ခရိုင် အမှတ်(၉၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူးကောင်းမြတ်သူ၏ ပြောပြချက်အရ သိရသည်။
တင်တင်ထွေး(ပြန်/ဆက်)


