ကျောက်ဆည်၊ ၁၁ ဒီဇင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကောင်းမွန်မှုမရှိသည့် ကျေးရွာချင်းဆက်လမ်းပိုင်းများအား ကွန်ကရစ်ခင်းပေးနိုင်ရေးအတွက် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းနှင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ထွန်းတို့က ဒီဇင်ဘာ ၁၁ ရက် နံနက် ၈ နာရီခွဲက ကွင်းဆင်းတိုင်းတာမှုများ ပြုလုပ်ခဲ့ သည်။
ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ထွန်းတို့က ကျေးရွာချင်းဆက်လမ်းပိုင်းများခင်းပေးမည့် ကျေးရွာများရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများနှင့် တွေ့ဆုံကာ လုပ်ငန်းဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် အနောက်ငယ်တိုးကျေးရွာနှင့် ညောင်ဝန်းကျေးရွာချင်းဆက်လမ်း၊ အနောက်ငယ်တိုးနှင့် သင်ပျိုကျေးရွာချင်း ဆက်လမ်း၊ ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်လမ်းနှင့် ရှားပင်ကျေးရွာ ဆက်သွယ်ထားသည့် လမ်းများအား ကွင်းဆင်းတိုင်းတာမှုများ ပြုလုပ်ကြသည်။
အဆိုပါလမ်းပိုင်းများအား ကွန်ကရစ်လမ်းခင်းပေးနိုင်ရေး ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြသွားမည်ဖြစ်ကာ ခွင့်ပြုပေးသည့် ဘဏ္ဍာနှစ်အလိုက် ကွန်ကရစ်လမ်းများ ခင်းပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းက ပြောပြသည်။
သက်မောင်(ကျောက်ဆည်)


