ကျောက်ဆည် ဒီဇင်ဘာ ၃၁

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကြောင်(ရမန်း)၊ ရှားပင် ကျေးရွာနှစ်ရွာရှိ ဒေသခံကျေးလက်နေပြည်သူများ အိမ်တိုင်ရာရောက် သောက်သုံးရေ ဖူလုံစွာရရှိရေးအတွက် ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ရေစုကန်တည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ကြောင်(ရမန်း)ကျေးရွာတွင် အိမ်တိုင်ရာရောက် သောက်သုံးရေဖူလုံစွာရရှိရေးအတွက် အရှည်ပေ ၆၀၀၀ရှိ ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလံ ၅၀၀၀ဆံ့ ရေစုကန် တည်ဆောက်ခြင်း၊ အလျား ၅ပေ အနံ ၅ပေ အမြင့် ၇ပေရှိ ရေစက်ရုံတစ်ခု တည်ဆောက်ခြင်း၊ ရှားပင်ကျေးရွာတွင် အရှည်ပေ ၉၂၀၀ရှိ အိမ်တိုင်ရာ ရောက် ရေပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများအား ၂၀၂၁-၂၀၂၂ခုဘဏ္ဍာနှစ် ခြောက်လတာ ကာလတွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၃၁ ဒသမ ၀၀၆သန်း ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာများကိုယ်တိုင် ယခုနှစ် ဒီဇင်ဘာပထမပတ်မှ စတင်ကာ ဆောင်ရွက်နေခြင်းဖြစ်သည်။ လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးသွားပါက ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၇၄၈ အိမ်မှ၊ လူဦးရေ ၃၄၁၀ဦး တို့အတွက် သောက်သုံးရေ ဖူလုံစွာရရှိရေးဖြစ်ကြောင်း သိရသည်။

 

အောင်သန်းဦး(ကျေးလက်)