မန္တလေး၊ ၁၄ ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဟံမြင့်မိုရ်-ရွာငံလမ်းဘေး သံရွာအဝင်လမ်းတွင်ရှိသော နှစ်တစ်ရာကျော်သက်တမ်းရှိသည့် လက်ပံပင်အား ဒီဇင်ဘာ ၁၂ ရက်ကစတင်ကာ ထိန်းသိမ်းမှု လုပ်ဆောင်နေပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် တင်ပြနိုင်ရန် လုပ်ဆောင်နေကြောင်း သစ်တောဦးစီးဌာနက သိရသည်။

 

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လက်ပံပင်ကြီးအား ပြည်သူများက ထိန်းသိမ်းရန်လိုအပ်သည်ဟု တင်ပြထားကာ ကမ္ဘာ့အမွေအနှစ်ဝင်နိုင်သည့် အခြေအနေတွင် ရှိနိုင်သည့်အတွက် သစ်တောဦးစီးဌာနအနေဖြင့် ကွင်းဆင်းတိုင်းတာမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

“ရလာတဲ့အချက်အလက်တွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံကို တင်ပြသွားမှာဖြစ်ပြီးတော့ အမွေအနှစ်စာရင်းဝင်အတွက် လိုအပ်တာတွေကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု ကျောက်ဆည်ခရိုင် သစ်တောဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အပင်အောက်ခြေပါးပျဉ်းအပါအဝင် လုံးပတ်မှာ ၇၉ ပေကျော် အမြင့် ၂၉ဝ ပေရှိပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၄ဝ ခန့်ရှိကြောင်း၊ ထိန်းသိမ်းခြင်း၊ ဘေးပတ်ဝန်းကျင် ရှင်းလင်းခြင်းများကို ဒေသခံများက ပြုလုပ်ပေးနေကြောင်း သိရသည်။

 

လက်ရှိအပင်ကြီးအား ခရီးသွားလာသူများက အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းများ၊ ရုပ်ရှင်လာရောက် ရိုက်ကူးခြင်းများ ပြုလုပ်လာကြကြောင်း သိရသည်။

 

ဖြိုးအိ