ကျောက်ဆည်  နိုဝင်ဘာ ၁၆

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကလေးသူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများ အမျိုးသား အောင်ပွဲနေ့အကြောင်း သိရှိစေရန်နှင့် ကျောင်းသင်ခန်းစာများအပြင်၊ စာပေလေ့လာဖတ်ရှုခြင်း အလေ့အထများ ဖြစ်စေရန်၊ စာဖတ်ခြင်းအကျိုးကျေးဇူးများသိစေရန် ရည်ရွယ်၍ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်း ပိုမိုသိရှိပြီး ငယ်ရွယ်စဉ်အခါကပင် စာအုပ်၊ စာပေများဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွားစေကာ ဘဝတစ်လျောက်လုံး အောင်မြင်မှုများရရှိကြစေရန် ရည်ရွယ်၍ ပြိုင်ပွဲများပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျေင်းများမှ ကျောင်းသား၊ ကျောင်းသူများမှ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ကဗျာများဖြင့် ရွတ်ဆိုယှဉ်ပြိုင်ခဲ့ကြရာ မြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ၊ ဦးကျော်သန်း (စာရေးဆရာ မောင်ခိုင်ကျော် ကျောက်ဆည်)နှင့် တာဝန်ရှိသူများက အမှတ်ပေးဒိုင်များအဖြစ်ဆောင်ရွက်ခဲ့ပြီး ဆုရရှိသူများအား ဆုချီးမြှင့်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။

 

သက်မောင်(ကျောက်ဆည်)