ကျောက်ဆည် ဇူလိုင်  ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြိုနယ်တွင် အောက်ဆီဂျင်လိုအပ်မှုများ ဖြည့်ဆည်းပေးနိုင်ရေး ကြက်မင်းတွန်ရပ်ကွက် ရွှေစေတီကျောင်းတိုက်အတွင်း ဆရာတော်ဘဒ္ဒန္တပညာသာမိ ဦးဆောင်မှုဖြင့် စေတနာရှင်၊ အလှူရှင်များ၏ ထည့်ဝင်ငွေများဖြင့် ဇူလှိုင်(၁၄)ရက်နေ့က စတင်ပြီး အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်လျက်ရှိကြောင်း သိရှိရသည်။

အလှူရှင်များရဲ့ အလှူငွေတွေနဲ့ စုပေါင်းပြီးအောက်ဆီဂျင်စက်ရုံ ဆောက်လုပ်ခြင်းဖြစ်ကြောင်း စက်ဝယ်ယူရန်အတွက် US$(60000)ကိုလည်း ပေးချေပြီးဖြစ်ကြောင်း၊  မြန်မာငွေနှင့်ဆိုပါက ငွေကျပ်သိန်း (၁)ထောင်ကျော်ရှိကြောင်း၊ အောက်ဆီဂျင်ထွက်နှုန်းအနေဖြင့် တစ်နာရီလျှင် ကုဗမီတာ (၅၀) ဖြစ်တာကြောင့်  အကြမ်းအားဖြင့် တစ်ရက်လျှင်လီတာ (၄၀) ဆန့် အိုး(၂၀၀)အထက် ထုတ်လုပ်နိုင်မှာဖြစ်ကြောင်း၊ အဓိက ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသနေတဲ့ အောက်ဆီဂျင်လိုအပ်တဲ့ လူနာတွေအတွက် ရည်ရွယ်ပြီး ဆောက်လုပ်ခြင်းဖြစ်ကြောင်း၊ အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက ပြောပြသည်။    

ကျောက်ဆည်မြို့အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက်(၉)နာရီအချိန်ထိ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူ အမျိုးသား(၁၈၇)ဦး၊ အမျိုးသမီး(၁၄၆)ဦး၊ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ပြန်လည်ဆင်းခွင့်ရရှိသူ အမျိုးသား(၁၃၀)ဦး၊ အမျိုးသမီး(၇၆)ဦး၊ သေဆုံးသူ အမျိုးသား(၁၃)ဦး၊ အမျိုးသမီး (၉)ဦး၊ ဆေးဝါးဆက်လက်ကုသခံယူနေသူ အမျိုးသား(၄၄)ဦး၊ အမျိုးသမီး(၆၁)ဦး ရှိကြောင်း အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးမှ သိရှိရသည်။

သက်မောင်(ကျောက်ဆည်)