ကျောက်ဆည် ၃၀ ဇွန်
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် မြို့ရှောင်လမ်းရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အခု ၂၀ ဆောင်ရွက်နိုင်ရန် ရန်ပုံငွေ ၅၀ ရာခိုင်နှုန်းပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရန်ပုံငွေလွှဲပြောင်းပေးအပ်ရာတွင် ကျောက်ဆည်မြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးရဲမင်းထွန်းက ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကျေးရွာ ပြည်သူများ စည်းလုံးညီညွတ်ပြီး တက်ကြွမှုရှိသော ကျေးရွာများ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က မြို့ရှောင်လမ်းရန်ပုံငွေချထားပေးသောကျေးရွာများမှ ပြည်သူများသည် လုပ်အားနှင့် ငွေကြေး ထည့်ဝင်လှူဒါန်းမှု ကောင်းသောရွာများတွင် ပိုမိုကောင်းမွန်သော လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နိုင်ခဲ့ကြ ကြောင်း သတ်မှတ်ရက်များတွင် စနစ်တကျလုပ်ငန်းများဆောင်ရွက်နိုင်ရန် ရန်ပုံငွေ ၅၀ ရာခိုင်နှုန်းကို ထုတ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် တက်ရောက် လာသော ကျေးရွာများ လုပ်ငန်း ကော်မတီဝင်များ၏ သိရှိလိုသည်များ ပြန်လည်ဆွေးနွေးမှုများကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်အနေဖြင့် မြို့ရှောင်လမ်းရန်ပုံငွေကျပ် ၁၂၅၅ သိန်းဖြင့် ကျေးရွာ ၂၀ တွင် လမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၁၃ ခု၊ တံတားတည်ဆောက်ခြင်းလုပ်ငန်း နှစ်ခု၊ မီးလင်းရေးလုပ်ငန်း လေးခုနှင့် အများပြည်သူများအသုံးပြုရန် အိမ်သာဆောက်လုပ်ခြင်း လုပ်ငန်းတစ်ခုကို ဆောင်ရွက် ပေးနိုင်ရန်အတွက် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများ ခွဲဝေချထားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တင်တင်ထွေး(ပြန်/ဆက်)


