ကျောက်ဆည် ၉ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်တွင် ဧရာမင်းမျိုးသန့်မျိုးပွား စံပြကွက်(ဝ.၆၀)ဧက စိုက်ပျိုးရန်အတွက် ယနေ့နံနက်(၁၀)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဦးရဲမင်းသောင်းနှင့် ဝန်ထမ်းများက ပြည်ပန်းကျေးရွာ တောင်သူဦးမြင့်မောင်၏ ပျိုးထောင်မြေကွက်တွင် (၃ပေx၂ပေ) အကွက်ပေါင်း(၅၄)ကွက်ခွဲကာ ပျိုးထောင်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပျိုးထောင်မျိုးစပါးများကို (SRI)နည်းဖြင့်စိုက်ပျိုးထားသည့်(RS)အဆင့် မျိုးသန့်မျိုးပွား စိုက်ခင်းမှ ပင်များပွားပြီးနှံစကောင်းမွန်သည့်ကျန်းမာသန်စွမ်းသော ကောက်မြုံ(၆၅)မြုံမှ တစ်ဧကစာ ရွေးချယ်ပြီး မျိုးရောနှောမှု မရှိစေရေး၊ ကောက်မြုံတစ်မြုံချင်းစီအား ပလတ်စတစ်အိတ်များဖြင့် အစိုဓာတ်(၁၂)ရာခိုင်နှုန်း ရရှိအောင်နေလှန်းထားပြီး ခြောက်သွေ့သွားမှ စက္ကူဖြင့် သေချာထုပ်ပိုး သိမ်းဆည်းထားသည့် မျိုးစပါးများဖြစ်ကြောင်း သိရှိရသည်။
ပျိုးထောင်ပြီး စပါးမျိုးများကို ပျိုးသက်(၁၈)ရက် သားတွင် မြေပြင်ထားသည့် စိုက်ကွင်းအတွင်းသို့ ပြောင်းရွှေ့ပြီး တစ်ပင်ချင်း စိုက်ပျိုးရကြောင်း၊ထိုသို့စိုက်ပျိုးခြင်းကြောင့် စပါးပင်ပွားမှုကောင်းပြီး ထွက်နှုန်းလည်း ပိုမိုကောင်းမွန်ကြောင်း၊ အရည်အသွေးပြည့်ဝသည့် စပါးများရရှိသည့်အတွက် တောင်သူများ အတွက် တစ်ဧကဝင်ငွေတိုးတက်မှုများ ရှိသောကြောင့် စပါးစိုက် တောင်သူများ စိုက်ပျိုးသင့်သည့် နည်းတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
သက်မောင်(ကျောက်ဆည်)


