ကျောက်ဆည် ၄ ဇွန်    

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ပြည်သူများ မွေးမြူထားသည့် ကျွဲ၊ နွားတိရစ္ဆာန်များနှင့် အိမ်မွေးတိရစ္ဆာန်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ရောဂါကုသပေးခြင်းနှင့် တိရစ္ဆာန်များ၏ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ ၄ ရက် နံနက် ၁၀ နာရီက ဖျောက်ဆိပ်ပင်ကျေးရွာနှင့် အရှေ့ရေဖျားတောကျေးရွာများတွင် ကျွဲ၊နွားတိရစ္ဆာန်များနှင့် အိမ်မွေးတိရစ္ဆာန်များ ကူးစက်ရောဂါမဖြစ်ပွားစေရေး ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါကျေးရွာများတွင် ပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မွေးမြူထားသော ကျွဲ၊နွား တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော လည်ချောင်းကွဲရောဂါ၊ ဒေါင့်သန်းရောဂါ၊ ခွာနာလျှာနာရောဂါ၊ ကြက်လည်လိမ်ရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ပေးခြင်း၊ ကုသပေးခြင်းများနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ ဟောပြောဆွေးနွေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ သိန်းဆွေးဦးက ပြောပြ၍ သိရသည်။

 

ကျောက်ဆည်မြို့နယ်အတွင်း မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အာဖရိကဝက်အပြင်းဖျားရောဂါ နှင့်ပတ်သက်၍ ဝက်မွေးမြူထားရှိသူများအား ကွင်းဆင်းစစ်ဆေးခြင်း၊ ခြံများတွင်း ပိုးသတ်ဆေးဖျန်းပေးခြင်း၊ သွေးနမူနာပစ္စည်းများရယူ၍ ဓာတ်ခွဲခန်းများတွင် ပေးပို့စစ်ဆေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

တင်တင်ထွေး(ပြန်/ဆက်)