ကျောက်ဆည်၊ ၁၉ ဒီဇင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးလက်လမ်း(၂)လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိသည်။

 

ထိုသို့ အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် အကျယ် ၁၂ ပေ၊ ထု ၁၅ လက်မ၊ အရှည် (၁/၆) မိုင်ရှိ ကျောက်ဆည်- ကျောက်ဆောက်ကုန်း- မြစ်သားနယ်စပ်လမ်းပိုင်းနှင့် အကျယ် ၁၂ ပေ၊ ထု ၁၅ လက်မ၊ အရှည်(၁/၀၈)မိုင်ရှိ  အရှေ့ငယ်တိုး- ရွှေဒါး၊ ရဲဘော်ကြီး- သပြေဝန်းလမ်းပိုင်းများကို ကတ္တရာလမ်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။

 

အဆိုပါ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၁၄ သန်းဖြင့် မြစ်ဧရာကုမ္ပဏီမှ ကျောက်ဆည်-ကျောက်ဆောက်ကုန်း- မြစ်သားနယ်စပ်လမ်းပိုင်းအား လည်းကောင်း၊ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ် ၁၃၂.၅၆ သန်းဖြင့် မောက္ခကုမ္ပဏီမှ အရှေ့ငယ်တိုး- ရွှေဒါး-ရဲဘော်ကြီး-သပြေဝန်းလမ်းပိုင်းတို့အား တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများဆောင်ရွက်ပြီးပါက လမ်းဘေးဝဲ/ယာကျေးရွာများတွင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးလုပ်ငန်း များအပြင် ကုန်စည်စီးဆင်းမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

သက်မောင် (ကျောက်ဆည်)