ကျောက်ဆည် နိုဝင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ စုကြီးရပ်ကွက်၊ မြို့တော်ခန်းမနှင့် ကျေးလက်ကျန်းမာရေးဦးစီးဌာန၊ တိုက်နယ်ဆေးရုံများရှိသည့် မင်းစု၊ သံရွာ၊ စမာ၊ ဒွေးလှ၊ ဖျောက်ဆိပ်ပင် ကျေးရွာများရှိ တိုက်နယ်ဆေးရုံများတွင် ယနေ့ နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန်ကျန်ရှိနေသည့် ပြည်သူများ ကာကွယ်ဆေးထိုး ရာတွင် အဆင်ပြေစေရေးအတွက် အုပ်စုများခွဲကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများထိုးနှံရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်းရေးကော်မတီ ဦးဆောင်မှုဖြင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များပူးပေါင်းကာ ပြည်သူများ စိတ်အေးချမ်းသာစွာရှိစေရေး စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် တတိယအသုတ် (ပထမအကြိမ်တွင်)(၁၂၁၂၄)ဦး တို့အားထိုးနှံပေးခဲ့ပြီး၊ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့အချိန်တွင် တတိယအသုတ်(ဒုတိယအကြိမ်)အဖြစ် (၅၀၂၅)ဦးနှင့် စတုတ္ထအသုတ် (ပထမအကြိမ်)အဖြစ်(၄၁၉၃)ဦး ထိုးပေးပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
သက်မောင်(ကျောက်ဆည်)


