ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

ကျောက်ဆည်၊  နိုဝင်ဘာ ၁၆   

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကြက်သွန်နီများကို အောက်တိုဘာလဆန်းပိုင်းမှ စတင် စိုက်ပျိုးလျက်ရှိပြီး ကျားကာကျေးရွာ၌ စိုက်ပျိုးထားသည့် ကြက်သွန်နီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

 

“ကြက်သွန်နီတစ်ဧက စိုက်ပျိုးမည်ဆိုပါက မျိုးစေ့(၂)ပြည် အသုံးပြုရကြောင်း ကုန်ကျစရိတ်အနေဖြင့် မျိုးဖိုး (၃၆၀၀၀)ကျပ်၊ မြေပြင်ခအဖြစ် ထွန်၊ ထယ်စရိတ် (၁၅၀၀၀၀) ကျပ်၊ စိုက်ပျိုးစရိတ် (၁၃၀၀၀၀)ကျပ်၊ မြေဆီမြေဩဇာ (၃၅၅၀၀၀)ကျပ်၊ ဖျန်းဆေး (၁၂၀၀၀၀)ကျပ်၊ ကြက်သွန်တူးဖော်ခ (၁၃၀၀၀၀)ကျပ် ခန့်မှန်း ကုန်ကျကြောင်းနှင့် ကြက်သွန်နီစိုက်ပျိုးရန် ကိုယ်ပိုင်မြေမရှိ၍ မြေအငှားဖြင့်စိုက်ပျိုးပါက ငွေကျပ်(၁၃၀၀၀၀၀) မှ (၁၅၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း” ကြက်သွန်နီစိုက်ပျိုးတောင်သူ ဦးဇင်သူ၏ ပြောပြချက်အရ သိရသည်။

 

ကျောက်ဆည်မြို့နယ်တွင် တိုက်နယ်(၁၂)ခုရှိရာ တိုက်နယ်(၁)တွင် (၄၃၃)ဧက၊ တိုက်နယ်(၂)တွင် (၁၀၈၂) ဧက၊ တိုက်နယ်(၆)တွင် (၂၄၅)ဧက၊ တိုက်နယ်(၁၀)တွင် (၁၃၉)ဧက၊ တိုက်နယ်(၁၁)တွင် (၇၂)ဧက၊ တိုက်နယ် (၁၂)တွင် (၁၅၁)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

 

သက်မောင်(ကျောက်ဆည်)