ကျောက်ဆည် ၁၃ မေ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ယနေ့ မွန်းလွဲ ၃ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်များနှင့် သစ်ပင်များ ပြိုလဲခဲ့သဖြင့် လျှပ်စစ်မီးများပြတ်တောက်လျက်ရှိပြီး လူနေအိမ် တစ်လုံးနှင့် ဈေးဆိုင်ခန်း အချို့လည်း ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဆူကုန်းရပ်ကွက် ဦးရန်နိုင်လင်း၏ နေအိမ်ပေါ်သို့ သက်တမ်း ရင့် မန်ကျည်းပင်တစ်ပင် ပြိုလဲခြင်း၊ ဟန်မြင့်မိုရ်ဈေးအတွင်းရှိ ဈေးဆိုင်ခန်းများပေါ်သို့ ညောင်ပင်တစ်ပင် ပြိုလဲခြင်း၊ ဈေးတန်းရပ်ကွက်အတွင်းရှိ ဓာတ်တိုင်များပေါ်သို့ ပိတောက်ပင်ပြိုလဲခြင်း၊ မြိုဦးရပ်ကွက်နှင့် စက်မှုလယ်ယာရုံးရှေ့ ရန်ကုန်-မန္တလေး ကားလမ်းပေါ်တွင် သစ်ပင်များပြိုလဲခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုလဲခဲ့သောသစ်ပင်များကို အမြန်ရှင်းလင်းနိုင်ရေးနှင့် လျှပ်စစ်မီးများ ပြန်လည်ရရှိစေရေးတို့အတွက် ခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းဇော်နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ လျှပ်စစ်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက စနစ်တကျ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်မောင်(ခရိုင် ပြန်/ဆက်)


