ကျောက်ဆည်  ၁  ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ဇရပ်ဖြူကျေးရွာတွင် အဘိုးအဘွားများ၏ အစဉ်အလာ လုပ်ငန်းတစ်ခုဖြစ်သော မိရိုးဖလာလှည်းအမျိုးမျိုးပြုလုပ် ရောင်းချခြင်း၊ ပြုပြင်ခြင်းလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

လှည်းများ ပြုလုပ်ရောင်းချခြင်းနှင့် ပတ်သက်၍ “လှည်းအမျိုးအစားအများကြီးရှိတဲ့အနက် ရွှေလည်း၊ ပြိုင်လှည်း၊ လှည်ယဉ်နဲ့ တောင်သူသုံးလှည်း လှည်းကြီးခေါ်တာပေါ့ အဲ့လိုလှည်းများကို အများဆုံး မှာယူကြတာများပါတယ်။ နေပြည်တော်ဘက်က ဟိုတယ်ကြီးတွေက ရှေးလက်ရာ ပန်းကနုတ်တွေနဲ့ ပေါင်းမိုးလှည်းတွေ အော်ဒါမှာတာလည်း ရှိပါတယ်။ကိုယ်ပိုင်ရွှေလှည်းတွေလည်းရှိတော့ အရင်က အလှူချိန်တွေဆို ရွှေလှည်းတွေ အငှားလိုက်ရပါတယ်။ အခုကိုဗစ်ကာလဆိုတော့ ရှင်လောင်းလှည့် အလှူတွေမရှိတော့ ရွှေလှည်းအငှားလိုက်ရတာ မရှိတော့ဘူးပေါ့။ ဒါပေမယ့် ကျွန်တော်က လှည်းပညာ တတ်မြောက်ပြီး လှည်းအမျိုးမျိုးပြုလုပ် တတ်တော့ အခုတောင်သူသီးနှံသိမ်းချိန် တောင်သူသုံး လှည်းတွေ ပြုလုပ်ရောင်းချတာ၊ ပြုပြင်တာတွေ လုပ်ရတော့ မိသားစုစားဝတ်နေရေး အဆင်ပြေပါတယ်ဟု လှည်းလုပ်ငန်းလုပ်ကိုင်သူ ဦးကျော်မြင့်က ပြောသည်။

 

လှည်းများပြုလုပ်ရာတွင် ကျွန်း၊ ပိတောက်၊ အင်၊ စသည့်သစ်သားများကို အဓိကထား အသုံးပြုရပြီး မှာယူလိုသူများ၏ လှည်းအမျိုးအစားများအပေါ် မူတည်ကာ ဈေးအမျိုးမျိုးကွဲပြားကြောင်းလည်း သိရသည်။ နွားပြိုင်ပွဲများတွင် အသုံးပြုသော(မောင်းလှည်း)တစ်စီးဆိုပါက ငွေကျပ် (၅)သိန်း၊ လှည်းယဉ် တစ်စီး ငွေကျပ် (၅)သိန်း (၇)သောင်း၊ တောင်သူသုံးလှည်း(လှည်ကြီး)တစ်စီး ငွေကျပ်(၆)သိန်း (၈)သောင်းကျပ်၊ အလှူများတွင် ရှင်လောင်းလှည့်သည့်လှည်း(ရွှေလှည်း)တစ်စီးလျှင် ငွေကျပ်(၁၈)သိန်း၊ ရိပ်သာနှင့် ဟော်တယ်ကြီးများရှေ့တွင် အလှပြသည့်(ပေါင်းမိုးလှည်း)တစ်စီးလျှင် ငွေကျပ်သိန်း (၂၀)ရှိကြောင်း သိရသည်။

 

သက်မောင်(ခရိုင် ပြန်/ဆက်)