ကျောက်ဆည် ၈ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသက်ထွန်းက ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲဝင်များ အနေဖြင့် မိမိတာဝန်ကျရာ နယ်မြေများသို့ သွားရောက်၍ မဲစာရင်း ပြုစုခြင်းဆိုင်ရာ လုပ်ငန်းများ မှန်ကန်စွာ ရရှိရေး ကြီးကြပ်ဆောင်ရွက်ကြ ရေး၊ ရွေးကောက်ပွဲနေ့တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများ အနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ ဆောင်ရွက်ရေး ပူးပေါင်းဆောင်ရွက်ရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နွဲ့နွဲ့ခိုင်က ကျောက်ဆည်မြို့နယ်တွင် အမှတ်(၁) မဲဆန္ဒနယ်မြေတွင် ကျေးရွာအုပ်စု (၄၅)အုပ်စုနှင့် အမှတ်(၂) မဲဆန္ဒနယ်မြေတွင် ကျေးရွာအုပ်စု (၅၂)အုပ်စု ရှိရာ အဆိုပါကျေးရွာအုပ်စုများတွင် မဲရုံသုံးပစ္စည်းများ ပေးအပ်နိုင်ရေးနှင့် တာဝန်ကျရာ ကျေးရွာများသို့ ရွေးကောက်ပွဲ လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးရာ တက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များက မိမိတာဝန်ကျရာ နယ်မြေများတွင် ပူးပေါင်းဆောင်ရွက်သွားမည့် အစီအမံများကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
တင်တင်ထွေး(ပြန်/ဆက်)


