ကျောက်ဆည် ၂၂ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များ ပထမအကြိမ် မဲစာရင်းများ ကြေညာနိုင်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသက်ထွန်းက မဲဆန္ဒ ရှင် စာရင်းအား ဇူလိုင်လ (၂၅)ရက်မှ ဩဂုတ်လ (၈)ရက်နေ့အထိ ပထမအကြိမ် ကြေညာပေးမည်ဖြစ်ရာ မဲဆန္ဒရှင် စာရင်းတွင် လိုအပ်ချက်များဖြစ်သော နာမည်ထပ်များ၊ မှတ်ပုံတင် ထပ်နေမှုများ ပါရှိမှု မရှိစေရေး၊ ပြည်သူများ မဲပေးခွင့်မဆုံရှုံးစေရေး၊ မဲစာရင်းတွင်အသက်(၁၈)နှစ်ပြည့်ပြီးသူ ပြည်သူများအားလုံး ပါဝင်ဖို့ လိုအပ်ပါကြောင်း ရှင်းလင်း ဆွေးနွေးပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နွဲ့နွဲ့ခိုင်က မဲစာရင်းများကို ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာ နိုင်ရေးအတွက် ရပ်ကွက်ကျေးရွာများသို့အထပ်သားပြား၊ ဆိုင်းဘုတ် ဗီနိုင်းများ၊ ရုံးတံဆိပ်များကို ဇူလိုင်(၂၃)ရက်နေ့တွင် ထုတ်ပေးမည်ဖြစ်ရာ ရပ်ကွက်ကျေးရွာများတွင် မဲစာရင်း ကြည့်ရှုသူများ စာရင်းအား မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးသို့ ဆက်သွယ်ပြောကြားရန်နှင့် မဲရုံမှူးနှင့် ဒုမဲရုံမှူး လျာထားစာရင်းများအား ပညာရေးဌာနမှ စာရင်း ပေးရန်လိုအပ်ပါကြောင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဝင်များက မဲဆန္ဒရှင် စာရင်းကြေညာသည့် နေ့တွင် မိမိတာဝန်ကြသည့် ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ ကွင်းဆင်း ဆောင်ရွက်သွားမည့် အစီအမံများကို ပြန်လည်ဆွေးနွေးကြခဲ့ကြကြောင်း သိရသည်။
တင်တင်ထွေး(ခရိုင်ပြန်/ဆက်)


