ကျောက်ဆည်၊ အောက်တိုဘာ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးနည်းပညာပြန့်ပွားရေး စင်တာများဖြစ်သည့် မင်းရဲ၊ သင်းတွဲ၊ သင်းဒီး၊ ထုံးကြီး၊ စမာ၊ တမုတ် စသည့် စပါးစိုက်ကွင်းများတွင် ဧရာမင်း မျိုးသန့်မျိုးစေ့ထုတ် မိုးစပါးစိုက်ခင်း(၂၈၄)ဧက စိုက်ပျိုးထားရှိရာ စပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ ကြောင်း သိရှိရသည်။
ထိုသို့ စိုက်ပျိုးထားရှိသော မျိုးသန့်မျိုးစေ့ထုတ်စပါးခင်းများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှဝန်ထမ်းများက စိုက်ပျိုးနည်းပညာပြန့်ပွားရေး စင်တာများအလိုက် မျိုးသန့်မျိုးစေ့ထုတ် တောင်သူများနှင့် တွေ့ဆုံပြီး ပိုးမွှားကင်းစင်သည့် မျိုးသန့်မျိုးစေ့များ ရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သတ်မှတ်အထွက်နှုန်း ပြည့်မီစေရေးအတွက် စိုက်ပျိုးနည်းစနစ်များမှန်ကန်စေရေး၊ ဓာတ်မြေဩဇာများ စနစ်တကျသုံးစွဲစေရေး၊ ပေါင်းမြက်များ အချိန်မီနှိမ်နင်းရေး၊ ကင်းထောက်မှတ်တမ်းများယူပြီး ပိုမွှားရောဂါကြိုတင် ကာကွယ်နှိမ်နင်း ပေးခြင်း၊ စိုက်ပျိုးရေချွေတာပြီး ရေသွင်းရေထုတ်မှန်ကန်စေရေး၊ သဘာဝမြေဩဇာများ၊ သဘာဝမှိုသတ်ဆေးများ၊ ပိုးသတ်ဆေးများ ကိုယ်တိုင်ပြုလုပ်သုံးစွဲစေရေး စသည့် နည်းပညာများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ဧရာမင်း၊ မနောသုခ၊ ရွှေမနော်၊ ဆင်းသုခ စပါးမျိုးများ အဓိထားပြီး ၂၀၂၁-၂၀၂၂ ခုနှစ် မိုးရာသီတွင် ဇော်ဂျီ ဆည်ရေသောက်စနစ်ဖြင့် (၃၅၉၉၄)ဧက၊ ကင်းတားဆည်ရေသောက်စနစ်ဖြင့် (၁၆၀၂၇)ဧက၊ သစ်တက္ကုန်း ဆည်ရေသောက်စနစ်ဖြင့် (၄၃၆)ဧက၊ မိုးကောင်းသောက်စနစ်ဖြင့် (၂၃၂)ဧက၊ စက်ရေတွင်းဖြင့် ဧက(၁၁၀) စုစုပေါင်း(၅၂၇၉၉)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။
သက်မောင်(ကျောက်ဆည်)