ကျောက်ဆည်၊ ၁၀ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ တောင်သူများအနေဖြင့် ဆန်စပါးကို အဓိထား စိုက်ပျိုးကြသော်လည်း ယာမြေများတွင် ကြက်သွန်၊ ငရုတ်၊ ဝါ၊ ငှက်ပျော၊ နနွင်းနှင့် ဆီထွက် သီးနှံမျိုးစုံ၊ ပဲမျိုးစုံတို့ကို စိုက်ပျိုးလျက်ရှိရာ ယခုအခါ နနွင်းဈေးကောင်းသဖြင့် နနွင်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
နနွင်းစိုက်ပျိုးရာတွင် မြေကို စိတ်ကြိုက်ပြုပြင်ပြီး အကျယ် ၃ ပေ၊ အမြင့် ၁ ပေခွဲမြေဘောင်များ ပြုလုပ်ကာ စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် နနွင်းခေါင်းမျိုးစိုက်နှင့် အတက်မျိုးစိုက်ဟူ၍ (၂)မျိုးရှိရာ နနွင်းခေါင်းမျိုးစိုက်ပျိုးပါက တစ်ဧက ပိဿာ ၅၀၀ ခန့်စိုက်ပျိုးရပြီး နနွင်းအတက်မျိုး စိုက်ပျိုးပါက ပိဿာ ၆၀၀ ခန့်စိုက်ပျိုးရကြောင်း သိရသည်။
စိုက်ပျိုးရာတွင် တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း ၅ လက်မအကွာ စိုက်ပျိုးရကြောင်း၊ နနွင်းသည်မြေထဲတွင် အတက်ပွားသည့်သီးနှံဖြစ်သောကြောင့် စိုက်ပျိုးပြီးမြေလုံခြုံစွာ ဖုံးအုပ်ပေးရကာ မြေအစိုဓာတ်မပြတ်စေရန် ရေသွင်းပေးရကြောင်း သိရသည်။
နနွင်းစိုက်ပျိုးရာမှာ စိုက်ပျိုးပြီး ရက်ပေါင်း(၁၂၀)ခန့်တွင် အပွင့်များစတင်ပွင့်၍ အပွင့်များကို ဈေးကွက်တွင်ရောင်းချပါက တစ်ဧကလျှင် ငွေကျပ် ငါးသောင်းခန့်ရကြောင်း၊ စိုက်ပျိုးပြီး (၈)လကျော်တွင် နနွင်းများတူးဖော်ရကြောင်း၊ နနွင်းတစ်ဧကတွင် နနွင်းတက်အစို ၃၇၀၀ ပိဿမှ ၄၀၀၀ ပိဿာထိထွက်ကြောင်း၊ နနွင်းကိုပြုတ်ပြီးအခြောက်လှန်းပါက ပိဿာ ၈၀၀ မှ ၁၀၀၀ ခန့်ရရှိကြောင်း သိရသည်။
နနွင်းအစို တစ်တင်းရောင်းပါက ငွေကျပ် ၄၅၀၀၊ နနွင်းအခြောက် တစ်ပိဿာ ၂၄၀၀ ကျပ် ရောင်းချရသောကြောင့် နနွင်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း တောင်သူ ဦးဌေးဦး ထံမှ သိရသည်။
သက်မောင်(ကျောက်ဆည်)


