ကျောက်ဆည်၊ ၁၉ မေ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ မြို့နယ်အတွင်းနေထိုင်လျက်ရှိသော မွေးရာပါ နိုင်ငံသားအရည်အချင်းရှိသူများအား ၁၉၄၉ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေအရ စိစစ်၍ အိမ်ထောင်စု လူဦးရေစာရင်းနှင့် ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် အမျိုးသားမှတ်ပုံတင်ကတ်ပြား၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မေ ၁၉ ရက် နံနက် ၉ နာရီခွဲက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးရာတွင် တိကျမြန်ဆန်မှု ရှိစေရန်အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများကို တိုက်နယ်(၁၀)ခု ပိုင်းခြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ ဝန်ထမ်းများနှင့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများမှ တာဝန်ရှိသူများ ပူးပေါင်းပြီး ဆောင်ရွက်ပေးလျက်ရှိရာ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေးစာရင်း (၃၈)ခု၊ အမျိုးသား (၉)ဦး၊ အမျိုးသမီး (၅)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်အသစ်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ရပ်ကွက်(၁၀)ရပ်ကွက်၊ ကျေးရွာအုပ်စု (၈၇)အုပ်စုရှိပြီး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများ၊ အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ နိုင်ငံသားပြုကတ်ပြားနှင့် အမျိုးသားမှတ်ပုံတင်မရှိသူ (၁၃၅၇၁)ဦးအား ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး လက်ဝယ်ရရှိရေး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ၂၀၂၁ ခုနှစ်၊ မေ ၃ ရက်မှ စတင်ကာ (၁၈)လကြာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)


